DVB Logo
Home
Lead Story
ထိုင်းထီ ဘတ် ၆ သန်းပေါက်သည့် ကံထူးရှင် မြန်မာမိန်းကလေးနှင့် မေးမြန်းချက်
DVB
·
February 6, 2018
ထိုင်းထီ ဘတ် ၆ သန်းပေါက်သည့် ကံထူးရှင် မြန်မာမိန်းကလေးနှင့် မေးမြန်းချက်
Donate to DVB

ဖေဖော်ဝါရီ ၁ ရက်နေ့က ကြေညာသွားတဲ့ ထိုင်းထီပေါက်စဉ်မှာ ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ စက်ရုံတရုံက သီရိရွှေစင်လို့ခေါ်တဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာအလုပ်သမလေးတဦး ကံထူးပြီး ပထမဆု ဘတ် ၆ သန်း ဆွတ်ခူးရရှိခဲ့ပါတယ်။

သူမဟာ ဟတ်ယိုင်ရှိ MWRN ရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ တာဝန်ခံ ကိုဘရီနဲ့အတူ မနေ့က ဘန်ကောက်ဗဟိုထီရုံးမှာ ချက်လက်မှတ်သွားထုတ်ပြီး ဒီကနေ့မနက်မှာတော့ မြန်မာပြည်က မိဘတွေဆီ ငွေလွှဲပေးဖို့ ကရုန်ထိုင်းဘဏ်မှာ ငွေသွားအပ်နှံခဲ့ပြီး ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ထီပေါက်သူ ကာယကံရှင် မိန်းကလေးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး - ညီမက ဘာလူမျိုးလဲ၊ မြန်မာပြည် ဘယ်အပိုင်းကလဲ။

ဖြေ - ဟုတ်ကဲ့ ညီမက ကရင်လူမျိုးပါ။ မြန်မာပြည် ဧရာဝတီတိုင်း ဝါးခယ်မမြို့ကပါရှင့်။

မေး - မိဘတွေက ဘာအလုပ်လုပ်လဲ။

ဖြေ - မိဘတွေက တောမှာ လယ်ပဲလုပ်ပါတယ်ရှင့်။

မေး - ညီမ ထိုင်းရောက်တာကြာပြီလား၊ ဘာအလုပ်လုပ်လဲ။

ဖြေ - ၉ လလောက်ပဲ ရှိပါသေးတယ်၊ စည်သွပ်ဘူးစက်ရုံမှာပါ။

မေး - အလုပ်လုပ်ရတာ ပင်ပန်းလား၊ လစာဘယ်လိုရလဲ။

ဖြေ - သိပ်တော့ မပင်ပန်းပါဘူး၊ ဒါပေမယ့် တနေကုန်မတ်တပ်ရပ်ပြီး အသီးအရွက်တွေရွေး ရတယ်။ ညီမက နေ့စားပါ၊ တရက်ကို  ၃၀၈ ဘတ်ရတယ်၊ အလုပ်မဆင်းတဲ့နေ့၊ စနေ တနင်္ဂနွေနေ့ဆို ပိတ်ရက်မို့ ပိုက်ဆံမရပါဘူး။ အိမ်ကိုပို့ဖို့တော့ တလ ၂ သိန်းခွဲလောက်ကျန်ပါတယ်။

မေး - ထီမပေါက်ခင်ညက ညီမမှာ ထူးဆန်းတဲ့ အိပ်မက်တွေဘာတွေ မက်သေးလား။

ဖြေ - ဘာမှ မမက်ပါဘူးရှင့်။

မေး - ထီပေါက်တာ ဘယ်လိုသိလဲ၊ သတင်းကောင်းကြားကြားချင်း ဘယ်လိုခံစားရလဲ။

ဖြေ - ညီမတို့စက်ရုံက အလုပ်တူတူလုပ်တဲ့ အစ်ကိုတယောက်ကို ထီပေါက်စဉ်တိုက်ခိုင်းတာပေါ့နော်၊ သူ့ဆီသွားတိုက်တာ ပထမတော့ မယုံဘူး။ ကိုယ့်ကိုစတယ်ပဲ အောက်မေ့တာပေါ့နော်၊ သေချာအောင် ညီမနေရာကို ပြန်လာပြီး သေချာထပ်တိုက်တာ၊ အဲတော့မှပဲ ယုံတာ၊ ညီမလည်း ပျော်တာပေါ့၊ ညဆို အိပ်လို့မပျော်အောင် စိတ်လှုပ်ရှားတယ်။ ရွာက အဖေအမေတို့လည်း အကုန်ပျော်နေတာပေါ့။

မေး -  အရင်ထီမပေါက်ခင်က ပိုက်ဆံအများကြီးရရင် ဘာလုပ်ချင်တယ်၊ ညာလုပ်ချင်တယ်ဆိုတာမျိုး စိတ်ကူးယဉ်တာရှိလား။

ဖြေ-  အဲလိုလည်းမရှိပါဘူး။

မေး - ညီမ ဘာကြောင့်ထီပေါက်တယ်လို့ထင်လဲ။

ဖြေ - မပြောတတ်ပါဘူး၊ ဘုရားတော့ နေ့တိုင်းရှိခိုးပါတယ်။ အလုပ်လုပ်လို့ရတဲ့ပိုက်ဆံ မိဘကို ပေးပါတယ်။

မေး - အခု ပိုက်ဆံအများကြီးရတော့ ဘာအလုပ်ဆက်လုပ်မှာလဲ။

ဖြေ - မသိသေးပါဘူးရှင့်၊ လောလောဆယ် စက်ရုံမှာ အလုပ်တူတူလုပ်တဲ့ သူငယ်ချင်းတွေကို မုန့်ဖိုးပေးမယ်၊ ပြီးတော့ ရွာမှာ အလှူပြန်လုပ်မယ်။

မေး - ညီမ လုံခြုံရေးအတွက် စိုးရိမ်တာရော ရှိလား။

ဖြေ - နည်းနည်းတော့ရှိပါတယ်။

မေး -  အခုလိုဖြေပေးတာ ကျေးဇူးတင်ပါတယ်။

သူမဟာ ထီပေါက်ပေါက်ချင်း ရွှေ့ပြောင်းအလုပ်သမားကွန်ရက်အဖွဲ့ကို ဆက်သွယ်လာတဲ့အတွက် အဖွဲ့အစည်းကလည်း သူမကို သွားကြိုလာခဲ့ပြီး အဲဒီကတည်းက လုံခြုံတဲ့နေရာမှာ ထားခဲ့ကြောင်း၊ သူမ မိဘရပ်ထံ ဘေးကင်းလုံခြုံစွာ ရောက်သွားဖို့ကိုလည်း ဆက်လက်ကူညီပေးသွားမယ်လို့ ကိုဘရီက ဖြည့်စွက်ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013