DVB Logo
Home
မြန်မာသတင်း
ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ စွပ်စွဲချက် ရက္ခိုင့်တပ်မတော် ငြင်းဆို
DVB
·
February 6, 2018
ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ စွပ်စွဲချက် ရက္ခိုင့်တပ်မတော် ငြင်းဆို
Donate to DVB

မြောက်ဦးမြို့နယ်၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ကို အေအေ ရခိုင့်လက်နက်ကိုင်တပ်ဖွဲ့က ကြိုတင်ကြံစည် လုပ်ကြံသတ်ဖြတ်ခဲ့တာလို့ ပြည်ထဲရေးရဲ့ စွပ်စွဲချက်အပေါ် ရက္ခိုင့်တပ်မတော်(အေအေ)က ငြင်းဆိုလိုက်ပါတယ်။

အခုလို စွပ်စွဲပြောဆိုတာဟာ တမင်အကွက်ချ စီစဉ်တာဖြစ်ပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ထိုးနှက်တိုက်တာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်မတော် ပြောခွင့်ရသူ  ဦးခိုင်သုခက ပြောပါတယ်။

“ဒါက တမင်အကွက်ချပြီး စီစဉ်တာလို့ မြင်တယ်ခင်ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ပြဿနာတခု ပေါ်တိုင်း၊ အခွင့်အရေးတခု ရတိုင်းမှာ အစိုးရဘက်ကနေပြီးတော့ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေကို ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် အမြဲတမ်း ထိုးနှက် တိုက်ခိုက်နေတာ ရှိတယ်ဗျ။ အရင်တုန်းကလည်း အများကြီး စွပ်စွဲကိစ္စတွေက ရှိခဲ့တယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်က မြောက်ဦးမှာ အရပ်သားတွေ ပစ်သတ်ခံရတာနဲ့ ပတ်သက်လို့ သတ်ဖြတ်မှု ကျူးလွန်သူတွေကို ထိရောက်ပြင်းထန်စွာ တုံ့ပြန်မယ်လို့ အေအေအဖွဲ့က ကြေညာထားပါတယ်။

ဒါပေမယ့် ဦးဘိုဘိုမင်းသိုက် လုပ်ကြံသတ်ဖြတ်ခံရမှုကတော့ ရက္ခိုင့်တပ်မတော်(အေအေ) ရဲ့ လက်ချက် မဟုတ်ဘူးလို့  ဦးခိုင်သုခက ပြောပါတယ်။

“မြောက်ဦးကိစ္စမှာ အစိုးရဘက်က တော်တော်လေးကို မတရားလုပ်ထားတာ ရှိတယ်။ ဘိုဘိုမင်းသိုက် မြောက်ဦးကိစ္စမှာ အဓိက အမိန့်ပေးခဲ့သူ ဖြစ်တယ်။ နောက် အစိုးရဘက်ကလည်း ဒီလူသတ်မှုဟာ တရားဝင် သတ်တာလို့မျိုး ကြေညာထားသလိုမျိုး ရှိတယ်။ ဒါကြောင့်မို့လို့ ဒီလို မတရားတဲ့၊ ပြည်သူတွေ လက်မခံနိုင်တဲ့ကိစ္စတွေကို အစိုးရဘက်က ကျူးလွန်ထားတဲ့အတွက်ကြောင့်မို့လို့ ဒီပြည်သူတွေအထဲက တရားမျှတမှုကို လိုလားတဲ့၊ မတရားမှုတွေကို ခေါင်းငုံ့မခံတဲ့သူတွေက လုပ်တာလည်း ဖြစ်နိုင်တယ်။ နောက်တခုရှိတာက ဘိုဘိုမင်းသိုက်ကို အမိန့်ပေးခဲ့တဲ့ သူ့ရဲ့အစိုးရအဆင့်ဆင့်က နှုတ်ပိတ်တာလည်း ဖြစ်တယ်။”

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရခိုင်ပြည်နယ်ရုံး လက်ထောက်ညွန်ကြားရေးမှူး (ရခိုင်ပြည်နယ် မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း) ဦးဘိုဘိုမင်းသိုက်ဟာ ဇန်နဝါရီ ၃၁ ရက် မနက်က ပုဏ္ဏားကျွန်းမြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းမှာ လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် သူ စီးလာတဲ့ကားဟာလည်း မီးရှို့ခံလိုက်ရပါတယ်။

ဒီလုပ်ကြံမှုနဲ့ပတ်သက်လို့ တိမ်ညိုကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ကျော်မြင့်(ခ)ခိုင်ကျော်ကို  ပုဏ္ဏားကျွန်း ရဲစခန်းက ဖမ်းဆီးစစ်ကြောဖော်ထုတ်ရာမှာ အေအေလက်နက်ကိုင်အဖွဲ့က ကြိုတင်ကြံစည်လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း စစ်ဆေးတွေ့ရတယ်လို့ ပြည်ထဲရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013