DVB Logo
Home
မြန်မာသတင်း
သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းကြောင့် မြေယာလျော်ကြေး မရသူများ ရှိနေ
DVB
·
February 6, 2018
သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းကြောင့် မြေယာလျော်ကြေး မရသူများ ရှိနေ
Donate to DVB

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ တည်ဆောက်နေတဲ့ သူဌေးချောင်း ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ မြေယာတွေအတွက် အခုထိ လျော်ကြေးမရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ကုမ္ပဏီတွေက သဲကျောက်တွေ  တူးယူတာကြောင့် ယာမြေတွေ ပျက်သလို၊ အဲဒီကို သွယ်တန်းတဲ့ မဟာဓာတ်အားလိုင်းကြောင့်လည်း ဥယျာဉ်ခြံမြေတွေ သုံးမရ ဖြစ်နေတာပါ။

မန်ကျည်းချောင်ကျေးရွာ ဒေသခံတယောက်ဖြစ်တဲ့ ကိုညိုထွန်းက “စီမံကိန်းစခါစကတည်းကပဲ ကျနော့်ကိုင်းမြေကနေ ကျောက်တွေ လာကျုံးသွားတာ။ အရှည်ပေ တထောင်ကျော်၊ အနံက ပေ ၂၀၀ ကျော်ရှိတယ်။   ချောင်းလိုမျိုး ဖြစ်ကျန်ခဲ့တာပေါ့။ ချောင်းနားက ကိုင်းမြေ ဆိုတော့ အောက်မှာ ကျောက်ရှိတယ်လေ။ ဒီအတွက် ဘာလျော်ကြေးမှ မရဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် ရေအားလျှပ်စစ်စီမံကိန်းကို သွယ်တန်းယူတဲ့ မဟာဓာတ်အားလိုင်းကြောင့်လည်း လယ်မြေနဲ့ ဥယျာဉ်ခြံတွေ သုံးလို့မရ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နတ်တောင်မော်ကျေးရွာသား ဦးတင်နွဲ့က “ကျနော့်သီဟိုဠ်ခြံကို ဖြတ်သွယ်တာ။ အပင် ၇၀ လောက် ခုတ်ခံရတယ်။ တခြားဝါးရုံတွေ၊ ငှက်ပျောပင်တွေလည်း ပါတယ်။ တိုင်နဲ့ ကြိုးရဲ့ ဘေးပတ်ဝန်းကျင် ပေ ၃၀ လောက်မှာလည်း ဘာမှလုပ်လို့ မရဘူးလေ” လို့ ပြောပါတယ်။

ဆုံးရှုံးတဲ့ စာရင်းတွေကို တည်ဆောက်တဲ့ ကုမ္ပဏီက လာကောက်တုန်းက စာရင်းပေးခဲ့ပြီး နောက် ၆ လလောက်အကြာမှာ ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို အတည်ပြုပေးဖို့ ပြန်ပို့တဲ့ အချိန်မှာတော့ နာမည် ပါမလာဘူးဆိုပြီး သူက ပြောပါတယ်။

“ကုမ္ပဏီကို သွားပြောတော့ စာရင်းကောက်တဲ့သူ အလုပ်ထွက်သွားပြီတဲ့။ စာရင်းတွေကို ပြန်ရှာတော့လည်း မတွေ့ဘူး။ နောက်တော့ ဘယ်လိုမှ ဆက်လုပ်လို့ မရတော့ဘူး” လို့ ပြောပါတယ်။

အခုဆုံးရှုံးခဲ့တဲ့ လယ်မြေ၊ ဥယျာဉ်တွေဟာ ပုံစံ ၇ ထွက်ပြီးသားတွေ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး မြို့နယ်ထွေအုပ်၊ နှစ်ရှည်ပင်လုပ်ငန်း စတဲ့ ဌာနတွေကို သွားရောက်တင်ပြခဲ့ပေမယ့် အဆင်မပြေဘူးလို့လည်း သူတို့က ဆိုပါတယ်။

စီမံကိန်းဝန်းကျင်မှာ ရှိနေတဲ့ နတ်တောင်မော်၊ မန်ကျည်းချောင်၊ ဘုရားမော်၊ ခရမ်းမော် စတဲ့ရွာတွေက မြေယာတွေ ပျက်စီးသွားတာ ဖြစ်ပြီး တချို့ကတော့ လျော်ကြေးရထားပြီလို့လည်း သိရပါတယ်။

စုံစမ်းသိရသလောက်ကတော့ ဒီရွာတွေမှာ လျော်ကြေးမရသေးသူပေါင်း ၃၀ လောက် ရှိနေပါတယ်။

သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၈-၀၉ ခုနှစ်ကတည်းက စတင်ခဲ့တာ ဖြစ်ပြီး လျာထားဘတ်ဂျက် ကျပ်ငွေ  ၃၅၄ ဘီလီယံနဲ့ တည်ဆောက်နေခဲ့တာ ဖြစ်ပါတယ်။

နှစ်စဉ်အလိုက် ဘတ်ဂျက်ချပေးတာနည်းလို့ စီမံကိန်း ကြန့်ကြာနေတာဖြစ်ပြီး ဘတ်ဂျက်ကို ပုံမှန်ချပေးတယ် ဆိုရင်တောင် နောက်ထပ် ၇ နှစ်လောက်ကြာမှ ပြီးစီးနိုင်မယ်လို့ တာဝန်ရှိသူတွေက ပြောတဲ့အကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013