DVB Logo
Home
Lead Story
အနာနဲ့ လွဲနေသော ဆေးများ
DVB
·
February 6, 2018
အနာနဲ့ လွဲနေသော ဆေးများ
Donate to DVB

ဒီလို ခေါင်းစဉ်ကို တပ်လိုက်ရုံနဲ့ ဆေးလောကနဲ့သက်ဆိုင်တဲ့ ဆောင်းပါးမျိုးကို ရေးမှာမဟုတ်ပါဘူး။ ကျနော်တို့ဆီမှာ ဖြစ်နေတဲ့ ကိစ္စတချို့ကို မြင်မိလို့ပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ကိစ္စရပ် အတော်များများကို လေ့လာကြည့်ရင် ဖြစ်တာက တမျိုး၊ ဖြေရှင်းပုံ ဖြေရှင်းနည်းတွေက တဘာသာ တွေ့နေရပါတယ်။ ဒီလို ဆက်ထုံးတွေကြောင့်လည်း တိုင်းပြည်ရဲ့ ဒီမိုကရေစီအရွေ့ဟာ ကျနော်တို့စိတ်ထဲမှာ ရွေ့သလောက် မရွေ့နိုင်တော့ပါဘူး။

မောင်တောကိစ္စကိုပဲ ကြည့်လိုက်ရင် နယ်မြေကိစ္စ ရှင်းလင်းရေးကို အထူးကြပ်မတ် လုပ်ဆောင်ရမည့်အစား ဘင်္ဂလားက လူတွေကို ပြန်လက်ခံမယ့်အရေးကို လုပ်ဆောင်နေပါတယ်။ တကယ်တမ်း သူတို့ကို ပြန်လက်ခံဖို့ လုပ်နေဆဲမှာပဲ မောင်တောမြောက်ပိုင်း ထရိန်းရွာဘက်မှာ မိုင်းတွေ ကွဲကုန်ပါတယ်။ တပ်မတော်သား အရာရှိတဦး အပါအဝင် လေး ငါး ခြောက်ဦး ဒဏ်ရာရသွားပါတယ်။ ဒီလို လက်ခံဖို့ လုပ်နေစဉ်မှာပဲ ဘင်္ဂလားက တချို့က ပြန်ပြေး ဖြစ်ကုန်ပါတယ်။ နိုင်ငံသားဖြစ်ခွင့်ကိုပဲ စစ်ကြည့်လေမလား၊ အာဆာနဲ့ ပူးပေါင်းတာကိုပဲ စစ်ဆေးမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ရှိနေကြမှာပါ။ သူတို့မသွားခင်မှာလည်းပဲ အစိုးရက သွားပြီးခေါ်ခဲ့တာ ရှိပါတယ်။ သို့သော် ပြန်ပြီး မလိုက်လာခဲ့ဘဲ သွားခဲ့ကြတာသာ ဖြစ်တာ။ ကြည့်လိုက်ရင် ဘင်္ဂါလီတွေကို ဒီမှာ နေပါ့မယ့်အရေးကို အဲသလို လိုက်လျောပြီး အစိုးရကိုယ်တိုင် သွားခေါ်တာတောင် သူတို့ကတော့ အဲဒီမှာ ဆေးတွေကုရတာ၊ အစားအသောက်ကအစ အဆင်ပြေတာ စသဖြင့် ဖြေကြားခဲ့ပြီး ကြော့ကြော့လေးနဲ့ ထွက်သွားတာ။ အဲဒါကို ပြန်ပြီး နေ့ချင်းညချင်း လက်ခံမယ့် စခန်းတွေ အသေအချာ ဆောက်ကြရပါတယ်။ တကယ်တမ်းကျတော့လည်း နယ်မြေလုံခြုံရေးက ဒေသခံ တိုင်းရင်းသားတွေအတွက် စိုးရိမ်စရာ ရှိနေတုန်းပဲ။ စိုးရိမ်တယ် ဆိုတာကလည်း နမူနာထက် လက်တွေ့က ပြထားတော့ စိုးရိမ်စရာ ဖြစ်တာပေါ့။ ဒါကြောင့် နာတဲ့ အနာနဲ့ ကုတဲ့ဆေးက လွဲနေသလို ဖြစ်နေပါတယ်။

နောက် မနေ့တနေ့ကပဲ ပညာရေးဘတ်ဂျက် တိုးမြှင့်ပေးဖို့အတွက် ဗကသ အဖွဲ့ဝင် ကျောင်းသားတွေက ဆန္ဒပြကြတယ်။ ဒီိလို ဆန္ဒပြတာကိုပဲ မန္တလေးတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂနှင့် ရတနာပုံတက္ကသိုလ် ဆရာ၊ ဆရာမများ အစည်းအရုံးက တက္ကသိုလ် ဆရာ၊ ဆရာမတွေက ဇန်နဝါရီ ၂၃ ရက်နေ့က ပညာရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့ တောင်းဆိုမှုကို ထောက်ခံသော်လည်း ဆန္ဒပြမှုကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ ဒီလို ထုတ်ပြန်တာကိုပဲ တက္ကသိုလ်ဆရာအသင်းနှင့် အခြေခံပညာ ဆရာများ ပါဝင်သည့် အဖွဲ့က တန်ပြန်ကန့်ကွက်လိုက်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ ဇန်နဝါရီ ၂၅ ရက်နေ့ မနက်မှာတော့ ရတာနာပုံတက္ကသိုလ် ကျောင်းဝင်းအတွင်းက ဆန္ဒဖော်ထုတ်နေတဲ့ ကျောင်းသားတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက ထိန်းသိမ်းလိုက်ပြီဆိုတဲ့ သတင်းကို ထပ်ရပါတယ်။ ဖမ်းတာဆီးတာကတော့ သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ၊ ဥပဒေတွေနဲ့ ငြိစွန်းတယ်ဆိုရင် ဖမ်းကြမှာပဲ။ နောက် ထပ်တက်လာတဲ့ သတင်းကတော့ သူတို့တွေကို ကျောင်းထုတ်လိုက်ပြီလို့ ဆိုပါတယ်။

ကျနော် အံ့သြတာကတော့ ဘတ်ဂျက်တိုးမြှင့်ဖို့ကိစ္စ ဆန္ဒဖော်ထုတ်မယ့်ကိစ္စကို တခြားရပ်ဝန်းက လူတွေ မဟုတ်ဘဲ ပညာရေးဌာနက ဆရာ၊ ဆရာမတချို့ ကန့်ကွက်စာ ထုတ်ပြန်တာကိုပဲ အံ့သြပါတယ်။ ဒီထက် ပိုကောင်းတဲ့ နည်းလမ်းတွေ မရှိတော့ဘူးလား။ နောက်ပြီး သူတို့ထုတ်တာကိုပဲ နောက်ဆရာတဖွဲ့က ထပ်ပြီး တန်ပြန် ကန့်ကွက်လိုက်သေးတယ်။ ခေတ်စကားနဲ့ပြောရင် အချင်းချင်းကို တိုင်ပတ်နေသလိုပါ။

ဇန်နဝါရီ ၁၆ ရက်နေ့ကပဲ ကာကွယ်ရေးဝန်ကြီးဌာနကနေ ဧပြီလကနေ စက်တင်ဘာလအထိ ၆ လအတွက် သာမန်အသုံးများထဲမှာ စစ်ဆင်ရေး အသုံးစရိတ်အတွက် ကျပ်သန်းပေါင်း ၂၀၀၀ ကျော် တောင်းခံထားတာကို သတင်းတွေမှာ တွေ့လိုက်ရပါတယ်။ ဒီလိုမျိုးတွေကိုကျတော့လည်း တပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်း အချင်းချင်းက လိုအပ်လို့ဆိုတာ နားလည်ထားပုံ ရပါတယ်။ တင်တောင်းတဲ့ ဗိုလ်ချုပ်မြင့်နွယ်ကလည်း ကာလတူ အသုံးစရိတ် နှိုင်းယှဉ်လိုက်ရင် ငွေကျပ် ဘီလီယံ ၁၁၀ ကျော် လျော့နည်းတောင်းခံထားခြင်း ဖြစ်တယ်လို့ လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

နောက် ကြားဖြတ်ရွေးကောက်ပွဲအတွက်လည်း ကျပ်သန်း ၁၆၀၀ ကျော် သုံးဖို့ လျာထားတယ်လို့ သိရပြန်တယ်။ ဒီိလိုမျိုးကိုလည်း လက်ရှိအစိုးရပါတီဝင်တွေဆီက များလွန်းတယ်လို့ အသံမထွက်လာဘူး။ ဒီမှာတင် ပညာရေးနှင့် ကျန်းမာရေး အသုံးနှစ်ခု ပေါင်းပြီး ကာကွယ်ရေးအသုံးစရိတ်ကို မမီသေးဘူး ဆိုတာမျိုးတွေ အသံတွေကို စဉ်းစားမိတယ်။ တကယ်တမ်းလည်း ဆန္ဒဖော်ထုတ်မယ့်သူ ရှိလာတော့လည်း ဆရာ၊ ဆရာမတွေ ကိုယ်တိုင်ကပဲ ကန့်ကွက်သူနဲ့၊ မကန့်ကွက်လိုသူနဲ့။ သူ့ဘက် ကိုယ့်ဘက် အမြင်တော့ ရှိကြမှာပါ။ သို့သော် ဖြစ်နေတဲ့အနာနဲ့ ကုနေတဲ့ ဆေးနဲ့ လွဲနေသလိုပါ။

နောက် မကြာသေးခင်ကာလကပဲ မြောက်ဦးကိစ္စမှာ လူ ၇ ဦး သေဆုံးတယ်။ ၁၂ ဦး ဒဏ်ရာရခဲ့တယ်။ အစိုးရဘက်ကလည်း အကြမ်းဖက်ဖို့ လာလို့ လုပ်ရတာလို့ ဖြေတယ်။ ဒေသခံတွေကလည်း ပွဲစီစဉ်သူတွေကို ခရိုင်ရုံးမှာ ဖမ်းထားတယ်လို့ သတင်းကြားလို့ သွားတယ်လို့ အသံတွေ ထွက်လာတယ်။ တကယ်တမ်းဖြစ်တော့ ထွက်ပြေးသူက လွတ်ပြီး သေသူ၊ ဒဏ်ရာရသူတွေက အကြမ်းဖက်သမားတွေ ဖြစ်ကုန်ရော။ လွှတ်တော် ကိုယ်စားလှယ်တွေ၊ မြို့မိမြို့ဖတွေက ကျူးလွန်သူတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တဖွဲ့ ဖွဲ့ဖို့ အကြံပေးကြပေမယ့် ဆေးရုံမှာ ဆေးကုရင်း တန်းလန်းဖြစ်နေတဲ့သူတွေကပဲ ဒဏ်ရာလည်းရ၊ တရားခံလည်း ဖြစ်ရ ဖြစ်ကြတော့ နာတဲ့အနာနဲ့ ကုသတဲ့ဆေးက တလွဲကြီးတွေလို ဖြစ်နေပါတယ်။ လူပေါင်းထောင်ချီပြီး ပါဝင်နေမှတော့ ကျန်တဲ့သူတွေက လွတ်ပြီး၊ ဒဏ်ရာရပြီး မပြေးနိုင်တဲ့သူက တရားခံ ဖြစ်သွားတယ် အနေအထားပါ။

ဒါကြောင့် ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကြည့်ရင်း အနာနဲ့ လွဲနေတဲ့ ဆေးများလို့ပဲ မြင်နေမိပါတယ်။

ကျော်လင်း(ရောင်စုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013