DVB Logo
Home
မြန်မာသတင်း
အဂတိလိုက်စားမှုဖြင့် အလိုရှိနေသည့် ဖာပွန်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ထွက်ပြေးတိမ်းရှောင်နေ
DVB
·
February 5, 2018
အဂတိလိုက်စားမှုဖြင့် အလိုရှိနေသည့် ဖာပွန်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ထွက်ပြေးတိမ်းရှောင်နေ
Donate to DVB

အဂတိလိုက်စားမှုတွေနဲ့ အလိုရှိနေတဲ့ ဖာပွန်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးဟာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင် ဒုအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးဟာ တမူးခရိုင်အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်စဉ် ရာထူးအာဏာနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီး အဂတိလိုက်စားမှုတွေ ပြုလုပ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လို့ သူ့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့  အရေးယူပေးဖို့ ကော်မရှင်က ဖေဖော်ဝါရီ ၄ ရက်မှာ  တမူး မြို့မရဲစခန်းကို အမှု ၃ မှုခွဲကာ အမှုဖွင့် တိုင်ကြားခဲ့တာလို့ ဆိုပါတယ်။

ဦးသိန်းဇော်ဦးဟာ တမူးခရိုင် အုပ်ချုပ်ရေးမှူး တာဝန်ထမ်းဆောင်စဉ် ရာထူးအာဏာနဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုကာ စန္ဒကူးရပ်ကွက်ရှိ မြေကွက် (၂၀) ကွက် ချထားပေးရာမှာ မရိုးမဖြောင့်ဆောင်ရွက်ကြောင်း၊ ဓာတ်သတ္တုခွန် ကောက်ခံရရှိငွေတွေထဲမှ ၂၀၁၆ မှာ ငွေကျပ် ၂၄၂ သိန်းကျော်နဲ့ ၂၀၁၇ မှာ ငွေကျပ် ၉၁ သိန်းကျော်ကို ကိုယ်ကျိုးရယူသုံးစွဲခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့တယ်လို့လည်း အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ဦးသိန်းဇော်ဦးဟာ ဓာတ်သတ္တုခွန်တွေ ကောက်ခံပြီး အစိုးရအဖွဲ့ကို ငွေကြေးအပြည့်အဝ မပေးသွင်းဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခြင်း၊ လင်းလက်ဓနကြွယ် ဆောက်လုပ်ရေးကုမ္ပဏီရဲ့ မီးသတ်ရေကန် အလှူငွေအား ကိုယ်ကျိုးအတွက် သုံးစွဲခြင်း၊ မြို့မြေကွက် ၂ဝ အား ရောင်းချပြီး ငွေကြေးရယူခဲ့ခြင်းတို့အား အရေးယူပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တဲ့အပေါ် ကော်မရှင်က စစ်ဆေးရာက အမှုပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းဇော်ဦးဟာ တမူးခရိုင် အုပ်ချုပ်ရေးမှူးအဖြစ်မှ ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးမှူး အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ကော်မရှင်မှ အမှုစစ်ဆေးနေစဉ် ဖာပွန်ခရိုင် ဒုအုပ်ချုပ်ရေးမှူးအဖြစ် ထပ်မံပြောင်းရွှေ့တာဝန်ချထားခံခဲ့ရပါတယ်။

ဒါပေမယ့် ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ရောက်ရှိတာဝန်ထမ်းဆောင်တာ မရှိသလို ကျောက်ဆည်ခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာလည်း လာရောက်နေထိုင်ခဲ့တာ မရှိဘူးလို့ သိရပါတယ်။

ဒါကြောင့် ဦးသိန်းဇော်ဦး အမြဲတမ်းနေထိုင်တဲ့ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ ရွေးစုအရှေ့ကျေးရွာနေအိမ်နဲ့ ဦးသိန်းဇော်ဦးရဲ့ဇနီး နေထိုင်တဲ့ မန္တလေး နည်းပညာတက္ကသိုလ်ဝင်းရှိ ဆရာ၊ ဆရာမများ အိမ်ရာတို့ကို တာဝန်ရှိသူတွေက  ဖေဖော်ဝါရီ ၄ ရက်က ဝင်ရောက်ရှာဖွေခဲ့ပေမယ့် ဖမ်းဆီးရမိခြင်းမရှိဘဲ ထွက်ပြေး တိမ်းရှောင်နေတာလို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013