
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကျုံမငေးရဲစခန်းက ယာယီစခန်းမှူး ရဲအုပ်လှိုင်ဝင်းဟာ ဖေဖော်ဝါရီ ၄ ရက် မနက် ၁၀ နာရီ ၄၅မိနစ်လောက်က နေအိမ်မှာ သူ့ရဲ့သေနတ်နဲ့အတူ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက သိရပါတယ်။
သူ့ရဲ့ဇနီးဖြစ်သူက ဘုန်းကြီးဆွမ်းလောင်းနေချိန် အိမ်ပေါ်အခန်းကနေ ကျယ်လောင်တဲ့အသံ ကြားရတာကြောင့် သွားရောက်ကြည့်ရှုရာမှာ ခင်ပွန်းဖြစ်သူ ရဲအုပ်ကို သွေးအိုင်ထဲ လဲကျနေတာကို တွေ့ရှိခဲ့တာလို့ တိုင်းအဆင့် ရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
သေနတ်ကျည်ဆန်ဟာ အာခေါင်ကနေ ဦးခေါင်းနောက်စေ့ကို ဖောက်ထွက်တဲ့ပုံစံမျိုး တွေ့ရှိပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ဟုတ်၊ မဟုတ်နဲ့ ဘာကြောင့် သေဆုံးတယ်ဆိုတဲ့ အကြောင်းအရင်းတွေကိုတော့ ရဲကစုံစမ်းဆဲ ဖြစ်ပါတယ်။
လတ်တလော အလောင်းကို ရင်ခွဲစစ်ဆေးကာ ရဲတပ်ဖွဲ့က သေမှုသေခင်း ဖွင့်လှစ်စစ်ဆေးနေပါတယ်။











