DVB Logo
Home
မြန်မာသတင်း
မိဘကိုခြိမ်းခြောက်ပြီး ၃ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်
DVB
·
February 3, 2018
မိဘကိုခြိမ်းခြောက်ပြီး ၃ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်
Donate to DVB

ရန်ကုန်မြို့ ပန်းလှိုင်ဘူတာရုံနားမှာ ဒီနေ့မနက် ၅ နာရီလောက်က မိဘတွေကိုခြိမ်းခြောက်ပြီး ၃ နှစ်ခွဲအရွယ် မိန်းကလေးကို အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီမိသားစုဟာ ကြည့်မြင်တိုင်မြို့နယ်နဲ့ စမ်းချောင်းမြို့နယ် ကြားထဲက မြို့ပတ်ရထား ပြေးဆွဲတဲ့လမ်းကြောင်းပေါ်က ပန်းလှိုင်ဘူတာရုံ အနီးတဝိုက်မှာ နေထိုင်ကြတာဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေ့က မိခင်ဖြစ်သူဟာ ခြိမ်းခြောက်ခေါ်ဆောင်တာ အရင်ခံရပြီးနောက် ၃ နှစ်ခွဲအရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့တာလို့ အခင်းဖြစ်ပွားရာအနီး နေထိုင်သူတဦးက ပြောပါတယ်။

“ကယ်ကြပါဦး ကယ်ကြပါဦး အော်တယ်။ ပြီးတော့ သူ့ယောက်ျားကို လှမ်းခေါ်တယ်။ သူ့ယောက်ျားက ဘယ်လိုဖြစ်တာလဲ မေးတယ်။ အဲဒီမှာ သူ့မိန်းမက ငါ့ကို လူတယောက်က စောင် လာလှန်တယ်။ စောင်လှန်ပြီးတော့ မအော်နဲ့ အော်ရင်သတ်မယ်ဆိုပြီး သူ့ကို ညောင်ပင်အောက် ခေါ်သွားတယ်။ ငါ့ကို ဒီလိုဒီကြောင်းပဲတဲ့ ပြောပြတယ်။ သူ့ယောက်ျားက တုတ်နဲ့ လိုက်မယ် လုပ်တော့ ပြေးသွားပြီတဲ့။ သူတို့ ဒီဘက်ပြန်လျှောက်လာတဲ့ အချိန်ကျတော့ ကလေးမလေးကို သူတို့ မတွေ့တော့ဘူး။ သူတို့ဟိုဘက်မှာ ပြဿနာ ဖြစ်ပြီးတော့မှ ကလေးက ဒီဘက်ခြမ်းမှာ မရှိတော့တာ။ ကလေးကို ဟိုဘက်က အပင်အောက်မှာ သွေးတွေနဲ့ ထိုင်နေတာ တွေ့တယ်လို့ ပြောတယ်။” လို့ အခင်းဖြစ်ပွားရာ အနီးနေထိုင်သူ ကိုရဲမင်းထွန်းက ပြောပါတယ်။

လက်ရှိမှာတော့ ရန်ကုန်ကလေးဆေးရုံကြီးမှာ ကလေးငယ်လေးကို ဆေးကုသမှုတွေ ပြုလုပ်နေပြီး ကလေးငယ်ဟာ ကြောက်လန့်နေတယ်လို့ ကလေးငယ်ကို ဆေးရုံပို့ပေးသူ တွေကပြောပါတယ်။

စမ်းချောင်းမြို့နယ် ဥက္ကဋ္ဌ ဦးသောင်းရွှေက “ဆေးရုံရောက်တဲ့အခါမှာ ဆရာဝန်တွေက ဒဏ်ရာဒဏ်ချက်ကို ဆေးကုသမှု ပြုလုပ်တယ်။ အဲဒီကနေတဆင့် ဦးနှောက်နဲ့ အာရုံကြောကို လွှဲပါတယ်။ ဦးနှောက်နဲ့ အာရုံကြောကမှ တဆင့် ကလေးဆေးရုံကို လွှတ်လိုက်ပါတယ်။ ကလေးဆေးရုံကို လွှတ်လိုက်တဲ့အချိန်မှာ ကလေးမလေး တကယ်အဓမ္မပြုကျင့်ခံရသလား ဆိုတာကို စစ်ဆေးတဲ့အခါမှာ တကယ်လည်း အဓမ္မပြုကျင့်ခံရတာ ဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး စမ်းချောင်ရဲစခန်းကို သွားရောက်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူ ၃ ဦး ကို ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးနေတယ်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင် တဦးက ပြောပါတယ်။

“အခု ရဲတွေက သူ့ကိုဓာတ်ပုံပြတယ်ဗျ သုံးပုံ။ သုံးပုံလုံးကို ကလေးက ခေါင်းညိတ်နေတော့ ဇဝေဇ၀ါဖြစ် နေတယ်။ နောက်ကလေးကလည်း ဆေးအရှိန်နဲ့ မှိန်းနေတော့ ကြောက်လည်းကြောက်နေတယ်။ ပြသမျှလည်း ခေါင်းပဲညိတ်နေတော့ မသေချာသေးဘူး။” လို့ စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး အဖွဲ့ဝင် ဦးကျော်စွာက ပြောပါတယ်။

ပန်းလှိုင်မီးရထား ဘူတာရုံနားက ခုံးတံတားအောက်မှာ အဲဒီမိသားစုတွေ နေထိုင်တာဟာ ၇ နှစ်ဝန်းကျင်ရှိနေပြီလို့လည်း ဟုမ်းလမ်းရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013