DVB Logo
Home
မြန်မာသတင်း
တနိုင်းစစ်ပွဲများကြောင့် ပိတ်မိနေသူများ စားနပ်ရိက္ခာ ပြတ်လတ်နေ
DVB
·
February 3, 2018
တနိုင်းစစ်ပွဲများကြောင့် ပိတ်မိနေသူများ စားနပ်ရိက္ခာ ပြတ်လတ်နေ
Donate to DVB

ကချင်ပြည်နယ်၊ တနိုင်းဒေသက တပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေတဲ့ နေရာဝန်းကျင်တွေမှာ အရပ်သားတွေ ထောင်ချီပိတ်မိနေပြီး စားနပ်ရိက္ခာ ပြတ်လပ်နေပြီလို့ ကူညီပေးနေသူတွေက ပြောပါတယ်။

အစပိုင်းက လူ ၃၀၀၀ ကျော်ပိတ်မိနေခဲ့ပြီး အမျိုးသမီးနဲ့ ကလေးတချို့ပြန်လွတ်လာလို့ လက်ရှိမှာ အမျိုးသား ၂၀၀၀ လောက် ကျန်နေသေးတာပါ။

ရှဒူးဇွပ်ကျေးရွာ ဆယ်အိမ်စုမှူး ဦးအိုက်ထွန်းက “တနိုင်း၊ ပယင်းမှော်၊ ပေါက်ဝ စစ်ဆေးရေးဂိတ်မှာ အပြင်ထွက်ဖို့ စစ်ဆေးခံနေတဲ့သူ ၂၀၀၀ လောက်ကျန်သေးတယ်။ စားစရာပြတ်နေလို့ မိုင်းခွဲပြီး မီးလောင်ကျန်နေတဲ့ အစာတွေကို စားနေရတယ်။ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံနေတာ ၇ ရက်လောက်ရှိပြီ။ ရေကလည်းမကောင်း၊ ရာသီဥတုကလည်းအေး၊ ကျန်းမာရေးမကောင်းတဲ့သူ၊ ရောဂါရသူ၊ မိုင်းထိသူ ၅၀၀ လောက် ဒုက္ခရောက်နေကြတယ်” လို့ ဒီနေ့ နေ့လယ်ပိုင်းက ပြောပါတယ်။

ပယင်းမှော် နမ်ကွမ်းပေါက်ဝ စစ်ဆေးရေးဂိတ်ကနေ ဇန်နဝါရီ ၂၉ ရက်မှာ အသက် ၅၀ ကျော် အမျိုးသမီးတွေနဲ့ ကလေး ၈၀၀ လောက်လို့ မြန်မာတပ်မတော်က စစ်ဆေး ပြန်လွှတ်ခဲ့ပြီး မနေ့ကအထိ လူ ၂၀၀၀ ကျော် ပြန်လွှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။

လွတ်လာသူ အမျိုးသမီးတယောက်က “အခုမှ တနိုင်းပြန်ရောက်တာ။ အဲဒီမှာ လူတွေ အများကြီးပဲ ပိတ်မိနေသေးတယ်။ ယောင်္ကျားလေးတွေ တော်တော်များများ မထွက်ရသေးဘူး။ လမ်းမှာ လေးငါးရက်လောက် အိပ်ရတယ်။ ထမင်းငတ်၊ ရေငတ်၊ အစာငတ်နဲ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

ရှဒူးဇွပ် ဒေသခံ တယောက်က “သတ်မှတ်ထားတဲ့ စစ်မြေပြင်မလွတ်လို့ အခင်းထဲမှာလည်း လူမနေ ရဘူး။ ရွာရဲ့တမိုင်ကျော်ကို မထွက်ရဘူး။ အိမ်တိုင်း ပုန်းကျင်းတူးနေရလို့ ထမင်းမစားအားဘူး။ အောက်ပိုင်းက စစ်သားတွေအများကြီးတက်လာတယ်။ ကားလမ်း ၅ ရက်ပိတ်ထားတယ်။ ၃ ရက် အတွင်း မြို့သစ်၊ ညောင်တော၊ မတ်တုန်းရွာတွေ နမ္မတီးကိုပြောင်းဖို့ အမိန့်ထုတ်ထားတယ်။ ခုလည်း အိမ်မှာပြေးတဲ့ သူတွေကို ထမင်းကျွေးနေရတယ်။ ရွာပြင်ကိုမထွက်ရဲဘူး” လို့ ပြောပါတယ်။

စားရိက္ခာပြတ်လပ်နေတာကြောင့် အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တနိုင်းနဲ့ ၁၀ မိုင်ဝေးတဲ့ ပယင်းမှော် နမ့်ကွမ်းပေါက်ဝကနေ အပြင်ထွက်ဖို့ စစ်ဆေးရေးဂိတ်မှာ ကျန်နေတာ ယောင်္ကျာလေးတွေအများဆုံးဖြစ်ပြီး မှတ်ပုံတင် ရှိပေမယ့် အထောက်အထား မခိုင်လုံတဲ့ ကချင်လူမျိုးနဲ့ ကျန်မှတ်ပုံတင်မရှိသူတွေကို ပြင်ပကို ထွက်ခွာခွင့် မပြုသေးဘူးလို့လည်း သိရပါတယ်။

ရွှေနဲ့ ပယင်းမှော်တွေမှာ ဒီလဆန်းကတည်းက တိုက်ပွဲတွေ ဖြစ်နေပြီး စာရင်းရခဲ့သလောက် လူ ၂ ယောက်သေဆုံး၊ ၅ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013