DVB Logo
Home
မြန်မာသတင်း
ဓာတ်ဆီပုလင်းဖြင့် မီးရှို့သူ စိတ်ကျန်းမာရေးမကောင်းပေမယ့် ဥပဒေအတိုင်း အရေးယူမည်
DVB
·
February 3, 2018
ဓာတ်ဆီပုလင်းဖြင့် မီးရှို့သူ စိတ်ကျန်းမာရေးမကောင်းပေမယ့် ဥပဒေအတိုင်း အရေးယူမည်
Donate to DVB

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့က အိမ်ခြံထဲကို ဓာတ်ဆီပုလင်းမီးရှို့ပစ်သွင်းသူကို ဖမ်းမိထားပြီး စိတ်ကျန်းမာရေး မကောင်းသူဖြစ်ပေမယ့် ဥပဒေအတိုင်း အရေးယူသွားမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄/၅၆ ကို ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ဓာတ်ဆီပုလင်းကို မီးရှို့ပစ်သွင်းခဲ့လို့ ခြံစောင့်တဲနားက ရေပိုက်တချောင်း မီးလောင်ခဲ့ပါတယ်။

အခင်းဖြစ်တဲ့နေရာနားက ပြည်သူတယောက်က ကျူးလွန်သူရဲ့ မှတ်တမ်းဓာတ်ပုံကို ပေးပို့ခဲ့ပြီး အွန်လိုင်းကနေ ကြေညာခဲ့ပါတယ်။

အဲဒီ ဓာတ်ပုံနဲ့ စုံစမ်းရာမှာ ကျူးလွန်သူဟာ မြောက်ဥက္ကလာပမြို့နယ်၊ သုနန္ဒာမှတ်တိုင်က ခရီးသည်တင်ကားနဲ့ လိုက်ပါလာသူ ဖြစ်တယ်လို့ သိရပြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဋ) ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဓာတ်ပုံပြ စုံစမ်းခဲ့ပါတယ်။

အဲဒီနောက် ဓာတ်ပုံပါ အမျိုးသားကို ရပ်ကွက်က ဖြတ်သန်းသွားလာတာကို မြင်ဖူးပြီး သူနေထိုင်တဲ့ ရပ်ကွက်နဲ့ ဆက်စပ်နေတဲ့ မြောက်ဒဂုံမြို့နယ်၊ ၅၁ရပ်ကွက်မှာ နေထိုင်သူလို့ စုံစမ်းသိရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက မြောက်ဒဂုံ ၅၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဓာတ်ပုံပြ အတည်ပြုရာမှာတော့ ကျူးလွန်သူဟာ ၅၁ ရပ်ကွက်၊ အောင်သစ္စာလမ်း၊ သပြေခြံ (ကျူးကျော်) မှာ နေတဲ့ ဝင်းနိုင်ဆိုသူ ဖြစ်ကြောင်း သိရပြီး အိမ်ကို သွားရှာရာမှာ ကမ္ဘာအေးဘုရာလမ်း မြကျွန်းသာ ဆောက်လုပ်ရေးလုပ်ငန်းခွင်က Global Hawk လုံခြုံရေး ကုမ္ပဏီမှာ နေ့စားဝန်ထမ်း လုပ်နေတယ်လို့ သူ့ဇနီးက ပြောပြပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဝင်းနိုင်ကို ဖမ်းဆီးမိပြီး သက်သေခံပစ္စည်းတွေလည်း ရခဲ့တယ်လို့ ဆိုပါတယ်။

သူ့ကို စစ်ဆေးရာမှာတော့ အဲဒီအိမ်က လူတွေက မှော်ပညာနဲ့ ပြုစားထားလို့ အနံ့ဆိုးတွေရနေပြီး အိပ်မရဖြစ်လို့ အခုလို လုပ်တာလို့ ဖြေပါတယ်။ ဓာတ်ဆီလက်လေးလုံးလောက်ထည့်ထားတဲ့  အရက်ပုလင်းထဲမှာ အဝတ်စကို မီးစာအဖြစ်တပ်ပြီး မီးရှို့၊ ခြံထဲကို ပစ်သွင်းတာလို့လည်း ဆိုပါတယ်။

သူ့ရဲ့ ထွက်ဆိုချက်တွေကြောင့် မိသားစုကို ပြန်မေးရာမှာ စိတ်ကျန်းမာရေး မကောင်းလို့ ၂၀၁၃ ခုနှစ်မှာ တကြိမ်၊ ၂၀၁၆ ခုနှစ်မှာ ၂ ကြိမ်၊ ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံမှာ ကုသခဲ့ရပြီး ဆေးမှတ်တမ်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

အခင်းဖြစ်တုန်းက သုံးခဲ့တဲ့ ပုလင်းနဲ့ တံဆိပ်တူ ပုလင်းခွံနောက်တလုံးကိုလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စိတ်ကျန်းမာရေး ချို့ယွင်းလို့ လုပ်ခဲ့တာ ဖြစ်ပေမယ့် ဥပဒေနဲ့ အညီ ဆက်လက် အရေးယူမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013