DVB Logo
Home
မြန်မာသတင်း
ဂူတာပြင် ရုပ်အလောင်းများတွေ့ရှိမှု မမှန်ကန်ကြောင်း အစိုးရထုတ်ပြန်
DVB
·
February 3, 2018
ဂူတာပြင် ရုပ်အလောင်းများတွေ့ရှိမှု မမှန်ကန်ကြောင်း အစိုးရထုတ်ပြန်
Donate to DVB

ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအနီး ရုပ်အလောင်းများ အစုလိုက် အပြုံလိုက် မြှုပ်နှံထားကြောင်း AP သတင်းဌာနရဲ့ ဖော်ပြချက်နဲ့ စပ်လျဉ်းပြီး ကွင်းဆင်းစစ်ဆေးရာမှာ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရတယ်လို့ အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက မနေ့က သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာဝန်းကျင်မှာ ရာနဲ့ချီတဲ့ ရုပ်အလောင်းတွေ နေရာ ၅ နေရာမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားကြောင်း၊ အလောင်းတွေကို အက်ဆစ်လောင်း ဖျောက်ဖျက်ဖို့ စီစဉ်ထားတာကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်နေကြောင်း AP သတင်းဌာနက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ဒီသတင်းထုတ်ပြန်မှုကြောင့် အခြားမီဒီယာတွေမှာလည်း ဆင့်ပွားဖော်ပြခဲ့ကြပြီး နိုင်ငံတကာအသိုင်းဝိုင်းကလည်း ဝေဖန်မှု၊ စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့တာကြောင့် ဖြစ်စဉ် မှန်ကန်မှု ရှိ၊ မရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ဂူတာပြင်ကျေးရွာအနီးတ၀ိုက် သွားရောက်စစ်ဆေးခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်ပြီး အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နယ်မြေမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဥပဒေအရာရှိ၊ လက်ထောက်မြို့နယ်ဆရာဝန်၊ ဂူတာပြင်ကျေးရွာတာဝန်ခံနဲ့ ရပ်မိရပ်ဖ ၅ ဦးအပါဝင် စုစုပေါင်း ၁၇ ဦး ပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့ဟာ AP သတင်းဖော်ပြချက်ပါ ရုပ်အလောင်းတွေ မြှုပ်နှံထားသည်ဆိုသည့် ဂူတာပြင် ကျေးရွာက နေရာတွေကို သွားရောက်စစ်ဆေးခဲ့ရာ မှန်ကန်မှုမရှိကြောင်း တွေ့ရှိခဲ့ရတယ်။ ရပ်မိရပ်ဖတွေ၊ ကျေးရွာနေပြည်သူတွေ တွေ့ဆုံပြီး လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုမျိုး ရှိ၊ မရှိ မေးမြန်းခဲ့ရာလည်း မရှိကြောင်း ပြောကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်အမှန်မှာ ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၈ ရက်နေ့က ဂူတာပြင်ကျေးရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ARSA အစွန်းရောက်အကြမ်းဖက် သမားတွေက တုတ်၊ ဓား၊ ဂျင်ကလိများ၊ လက်နက်ငယ်တွေနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ခုခံကာကွယ်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ARSA အစွန်းရောက် အကြမ်းဖက်သမားအလောင်း ၁၉ လောင်းနဲ့အတူ လက်နက်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။ သေဆုံးခဲ့တဲ့ ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၉ ယောက်ရဲ့ အလောင်းကို စနစ်တကျ မြှုပ်နှံသင်္ဂြိုဟ်ပြီး ညောင်ချောင်းနယ်မြေရဲစခန်းမှာ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) ဖြင့် အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ထို့ကြောင့် AP သတင်းထားတဲ့ ဂူတာပြင်ကျေးရွာဖြစ်စဉ်မှာ မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့ စနစ်တကျ ကွင်းဆင်းစစ်ဆေးခဲ့တဲ့ ပဏာမစိစစ်ချက်အရ မှန်ကန်မှုမရှိကြောင်း တွေ့ရှိရပါတယ်။

ဂူတာပြင်ကျေးရွာအနီးဝန်းကျင်ရှိ အခြားကျေးရွာတွေမှာလည်း ဖြစ်ပွားခဲ့ခြင်း ရှိ၊ မရှိ ဆက်လက်စုံစမ်း စိစစ်နေပြီး အချက်အလက် အထောက်အထားတွေ ရရှိမှုအပေါ် မူတည်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ လူတွေအစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာတွေကိုထပ်ပြီး တွေ့ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး အလေးအနက် စိုးရိမ်ပူပန်ကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ထုတ်ဖော်ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013