DVB Logo
Home
မြန်မာသတင်း
လူငယ်များ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိုမိုပါဝင်နိုင်ရန် သင်တန်းပို့ချ
DVB
·
February 2, 2018
လူငယ်များ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပိုမိုပါဝင်နိုင်ရန် သင်တန်းပို့ချ
Donate to DVB

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ လူငယ်တွေ ပိုမိုပါဝင်လာစေဖို့အတွက်  ငြိမ်းချမ်းရေး အသိပညာပေးခြင်းနဲ့ ပဋိပက္ခ ပြေငြိမ်းရေးဆိုင်ရာ အသိပညာပေး သင်တန်းတွေကို ပဲခူးတိုင်းထဲက မြို့နယ်တွေမှာ ဖွင့်လှစ်ပေးနေပါတယ်။

‘ငြိမ်းချမ်းမျှော်ရည် အနာဂတ်ဆီ’ ဆိုတဲ့ ခေါင်းစဉ်နဲ့ သင်တန်းတွေ ပို့ချပေးနေတာလို့ လူမှုဘဝ ငြိမ်းချမ်းရေး အသင်းအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးလင်းညှို့သွေးက ပြောပါတယ်။

အဲဒီသင်တန်းတွေကို ပဲခူးတိုင်းထဲက မြို့နယ်ပေါင်း ၂၈  မြို့နယ်မှာ ဇန်နဝါရီလက စပြီး တမြို့နယ်ကို ၂ ရက်နဲ့ သင်တန်းသားဦးရေ ၃၀ ကို သင်ကြားပေးခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှာ တောင်ငူခရိုင် ၆ မြို့နယ်ထဲက ကညွတ်ကွင်းမြို့မှာ နောက်ဆုံးသင်တန်းပို့ချပေးခဲ့တာပါ။

လူမှုဘဝ ငြိမ်းချမ်းရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးလင်းညှို့သွေးက “ငြိမ်းချမ်းရေးမှာ ပဋိပက္ခအကြမ်းဖက်မှုတွေရှိတယ်။ အဲဒါကြောင့် မငြိမ်းချမ်းမှုတွေ ဖြစ်နေတယ်။ ငြိမ်းချမ်းရေးရဲ့ ဆက်နွှယ်မှု အကြောင်းအရာတွေကို မျှဝေတယ်။ ပဋိပက္ခတွေ ဘာကြောင့် ဖြစ်ပေါ်လာတာလဲ၊ ဒီပဋိပက္ခတွေ ခွဲခြမ်းစိတ်ဖြာတဲ့ အပိုင်းတွေ ဆွေးနွေးကြတယ်။ အပြန်အလှန် ဖလှယ်ကြတယ်။ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာ ဘယ်လို ဖြေရှင်းကြမလဲ။ ပြေငြိမ်းအောင် ဆောင်ရွက်တဲ့နေရာမှာ ဘယ်လိုမျိုး ဆောင်သင့် ရှောင်သင့်တဲ့ ကိစ္စလေးတွေ၊ ဘယ်လိုမျိုး အခြေခံစိတ်ထားလေးတွေ၊ ကျင့်ဝတ်ကလေးတွေ ထားရှိသင့်တယ် ဆိုတာကို ဆွေးနွေးကြတယ်။” လို့  ပြောပါတယ်။

သင်တန်းကို တမြို့နယ်ကို အသက် ၃၅ နှစ်အောက် လူငယ်အယောက် ၃၀ နဲ့ တောင်ငူခရိုင် ၆ မြို့နယ်ထဲက လူငယ်ပေါင်း ၁၈၀ ကို သင်ကြားပေးခဲ့ပါတယ်။

သင်တန်းသူ မယမုံဖူးက “ဒီလိုသင်တန်းတွေကို တက်ရတာ အားတက်သရော ဖြစ်မိတယ်။ ဗဟုသုတတွေလည်း အများကြီးရတယ်။ ဘယ်သင်တန်းမဆိုတက်တဲ့ဟာက အနည်းနဲ့ အများတော့ အကျိုးပြုတာပဲလေ။ အခုလာတက်တဲ့အထဲမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ သိတဲ့သူ မပါဘူး။ အခုနှစ်ရက်တက်လိုက်တဲ့အချိန်မှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ သိလာရတယ်။ ဒီလို သင်တန်းမျိုးတွေကို အခြားလူငယ်တွေလည်း တက်စေချင်ပါတယ်” လို့ ပြောပါတယ်။

သင်တန်းအပြီးမှာ ပဲခူးတိုင်း ၂၈ မြို့နယ်ကနေ တမြို့နယ်ချင်းစီက လူငယ်တယောက်ချင်းကို မဲပေး ရွေးချယ်ကာ အဖွဲ့ဝင် ၂၈ ယောက်နဲ့ တိုင်းဒေသကြီးကွန်ရက်အဖြစ် ဖွဲ့စည်းဖို့လည်းရှိနေပါတယ်။

အဲဒီလူငယ်တွေက ဒေသမှာကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေ၊ ဒေသရဲ့ လိုအပ်ချက်တွေနဲ့ လူငယ်တွေရဲ့ အကြံပြုချက်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖိတ်ကြားပြီးတော့ အစီရင်ခံစာ တင်သွင်းမယ်လို့သိရပါတယ်။

ကျော်အောင်(ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013