
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် မိုင်တိုင်အမှတ် ၁၆၉/၁၇၀ ကြားမှာ ဇန်နဝါရီ ၃၀ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံရတဲ့ မြောက်ဦးအုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက်ရဲ့ ရုပ်အလောင်းကို ဒီကနေ့ ညနေက စစ်တွေ ရေဝေးသုဿာန်မှာ မီးသင်္ဂြိုဟ်လိုက်ပါတယ်။
မြောက်ဦးအုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ဟာ ပုဏ္ဏားကျွန်းမြို့နယ်မှာ လုပ်ကြံ သတ်ဖြတ်ခံရပြီး သူ စီးလာတဲ့ကားလည်း မီးရှို့ခံလိုက်ရပါတယ်။
ဦးဘိုဘိုမင်းသိုက် လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အမှုနဲ့ ဆက်စပ်သူတွေလို့ ယူဆရတဲ့ သံသယရှိသူ တိန်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးကျော်မြင့်၊ ဇနီးဖြစ်သူ ဒေါ်ကြည်ကြည်ဝင်း အပါအဝင် ၄ ဦးကို ဇန်န၀ါရီ ၃၁ ရက်က ရန်ကုန်မှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။
မြောက်ဦးမြို့မှာ ဇန်နဝါရီ ၁၆ ရက်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်အပြီးမှာ ဦးဘိုဘိုမင်းသိုက်ဟာ ရခိုင်ပြည်နယ်ရုံးကို လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ပြောင်းရွှေ့ခံထားရသူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၃၇ နှစ်ရှိပြီ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို











