
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီးမှာ မနေ့ ညနေပိုင်းက ပေါက်ကွဲမှုတခုဖြစ်ပွားပြီး အလုပ်သမား ၁ ဦး သေဆုံးသွားပါတယ်။
မဲဆောက်မြို့ ထာ့ဆိုင်လွတ်အုပ်စု ဘန့်ဝမ်းတခိန်းရပ်ကွက်ထဲမှာ မနေ့ညနေ ၂ နာရီကျော်က ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းရရှိတဲ့အတွက် မိုင်းရှင်းလင်းရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးရာမှာ အခင်းဖြစ်တဲ့နေရာမှာ သောင်ရင်းမြစ်ကူးတံတားအမှတ် ၂ ဆောက်လုပ်ရေးစခန်း ကုန်ပစ္စည်းသိုလှောင်ရုံဖြစ်ပြီး လူ ၁ ဦး ခန္ဓာအစိတ်အပိုင်းတချို့ လွင့်စင်သေဆုံးနေတာ တွေ့ရတယ်လို့ မဲဆောက်မြို့မရဲစခန်းမှ အထူးစုံစမ်းစစ်ဆေးရေးဌာန ဒုရဲမှူး ဖုန်းစကွန်း ထုန်းဝမ်းက သတင်းထောက်တွေကို ပြောပါတယ်။
သေဆုံးသူမှာ အသက် ၄၂ နှစ်ရှိ နိုင်းဖိလုမ်း ခုန်းကယောက်ဆိုသူ ထိုင်းလမ်းတံတား ဆောက်လုပ်ရေးဦးစီးဌာန စက်ပြင်အလုပ်သမားတဦးဖြစ်ပြီး သေဆုံးသူအနီးမှာ စနက်တံတွေပါ တွေ့ရတယ်လို့ ဆိုပါတယ်။
လုပ်ဖော်ကိုင်ဖက်အလုပ်သမားတို့ ပြောပြချက်အရ မနေ့ညနေပိုင်းက ဂိုဒေါင်အနီး အလုပ်လုပ်နေစဉ် ပစ္စည်းသိုလှောင်ခန်းထဲကနေ ပေါက်ကွဲသံအကျယ်ကြီးကြားရတဲ့အတွက် ကစဥ့်ကလျား ထွက်ပြေးခဲ့ကြကြောင်း၊ အသံတွေငြိမ်သွားလို့ သွားကြည့်ရာမှာ လုပ်ဖော်ကိုင်ဖက် သေဆုံးနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေက အဲဒီနေရာကို ကန့်သတ်ထားလိုက်ပြီး ပေါက်ကွဲမှုဖြစ်တဲ့ အရာနဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဘဲလို့ 77kaoded သတင်းမှာ ဖော်ပြပါတယ်။
ကိုးကား- 77kaoded.com










