DVB Logo
Home
မြန်မာသတင်း
ဘားအံမြို့ မြေသိမ်းခံ ဒေသခံ လယ်သမားများ ဆန္ဒပြပွဲ တားဆီးခံရ
DVB
·
February 1, 2018
ဘားအံမြို့ မြေသိမ်းခံ ဒေသခံ လယ်သမားများ ဆန္ဒပြပွဲ တားဆီးခံရ
Donate to DVB

ကရင်ပြည်နယ် ဘားအံမြို့မှာ တိုင်းရင်းသား လယ်​သမားတွေရဲ့ မြေယာပြဿနာကို ဖြေရှင်းဆောင်ရွက်ရာမှာ နှောင့်နှေးကြန့်ကြာနေပြီး ခွဲခြားဆက်ဆံခံနေရတဲ့အတွက် ၈၈ ကရင်မျိုးဆက် ကျောင်းသားတွေရဲ့ လူမှုဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ပြီး ဒေသခံ လယ်သမား ၃၀ လောက်က ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဇန်နဝါရီ ၃၀ ရက်မနက်က ဘားအံမြို့၊ အမှတ် ၃ ရပ်ကွက် အာဇာနည် ကျောက်တိုင်ရှေ့ကနေ ရွှေယဉ်မျှော်ဘုရားအနီးထိ ကြွေးကြော်သံတွေနဲ့ စီးတန်းလှည့်လည်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာပါ။

ဒေသခံ တိုင်းရင်းသားတွေရဲ့ လယ်ယာမြေကိစ္စတွေကို ထိထိရောက်ရောက် နားထောင်ပေးနိုင်ဖို့အတွက် ဆန္ဒထုတ်ဖော်တာလို့ ၈၈ ကရင်မျိုးဆက်ကျောင်းသားများ၏ လူမှုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဦးစောမောင်ကြီးက ပြောပါတယ်။

“လယ်သမားတွေရဲ့ကိစ္စကို သေသေချာချော ထိထိရောက်ရောက်လေး သူ (ခရိုင်​အုပ်​ချုပ်​​ရေးမှူး) နားထောင်ပေးနိုင်ဖို့ကို ကျနော်တို့က စလုပ်တယ်။ အဲဒါကိုမှ သူက လယ်သမားတွေကို မတွေ့ချင်ဘူးပေါ့။ မတွေ့နိုင်ဘူးပေါ့။ အဲဒီအခါကျတော့ ကျနော်တို့က ဒီဆန္ဒ ဖော်ထုတ်ပွဲကို ကျင်းပရခြင်း ဖြစ်တယ်”လို့ ပြောပါတယ်။

လယ်ယာမြေ သိမ်းဆည်းခံရတဲ့ ဘားအံမြို့နယ် ကော့ထော်​ကျေးရွာသူ ဒေါ်လှနုက “ပညာရှိတဲ့လူ စာတတ်တဲ့လူ သိမ်းသွားတယ်လေ။ အဒေါ်တို့က ဘာမှမသိဘဲနဲ့ ဘယ်လိုလုပ် တောင်းမလဲ။ အဒေါ်တို့ မရသေးဘူးလေ။ ဆန္ဒထုတ်ဖော်တယ်။ အခုခေတ်က လယ်လည်း သိမ်း၊ မြေလည်းသိမ်း၊ ခြံလည်းသိမ်း နောက်ဆိုရင် ဘာသိမ်းဦးမလဲ မသိဘူး။ လူပဲ ကျန်တော့တယ်”လို့ ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ “ပြည်သူ့အသံကို နားမထောင်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူး အလိုမရှိ၊ အကျင့်ပျက် ဝန်ထမ်းများအား ထိရောက်စွာ အရေးယူပေးရေး ဒို့အရေး၊ လယ်ယာမြေပြဿနာများ ထိရောက်စွာ ဖြေရှင်းပေးရေး ဒို့အရေး” စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး လယ်သမားတွေက ကြွေးကြော်ခဲ့ပါတယ်။

လယ်သမားတွေရဲ့ အသံကို အထက်လူကြီးတွေ သိအောင် ပြောမယ်လို့ ၈၈ ကရင်မျိုးဆက် ကျောင်းသားများရဲ့ လူမှုဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူး နန်းမူခမ်းက ပြောပါတယ်။

“ဥပဒေတွေက မရှိတော့ဘူးလား။ ကျနော်တို့ ကျမတို့ ဘာလုပ်သင့်လဲ။ ဒါက စကားက ပြောရတာ အရမ်းလွယ်တယ်။ ဘာဖြစ်လို့လဲဆို တွန်းသူနဲ့ လဲသူလို ဖြစ်တဲ့အချိန်ကျ တွန်းတဲ့သူက မနာဘူး။ လဲသူကတော့ နာတယ်။ ကျမတို့ လယ်သမားတွေက နှစ်ခါ သုံးခါတောင် နာတယ်။ ကျမတို့က ဒီလိုအခြေအနေမျိုး ဒီလိုနေ့မျိုး ရောက်ခဲ့ရတာ။ ဒီအသံတွေကို အထက်က လူကြီးတွေ သိအောင် ကျမတို့ ပြောမယ်”လို့ ပြောပါတယ်။

ခွင့်ပြုချက်မရဘဲ ခုလို ဆန္ဒပြ စီတန်းလှည့်လည်မှုကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဌာနဆိုင်ရာ၊ ရဲတပ်ဖွဲ့ အင်အား ၅၀ လောက်က  ရွှေယဉ်မျှော်ဘုရားအနီးမှာ တားဆီးပိတ်ပင်ခဲ့ပြီး နောက်ဆုံး သတ်မှတ်ထားတဲ့ နာရီစင်အထိ စီတန်းလှည့်လည်ခွင့်မပေးဘဲ ဦးဆောင်သူ ဦးစောမောင်ကြီးကို မြို့မရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။

၈၈ ကရင်မျိုးဆက်ကျောင်းသားများရဲ့ လူမှုဖွံ့ဖြိုးရေးအသင်း တရားဝင်အသင်းအဖွဲ့ လျှောက်ထားဆဲ ကာလ ၂၀၁၄ သြဂုတ်၂၅ ရက်​​နေ့ကလည်း အသင်းဝင်တချို့ ဦးဆောင်ပြီး ဒေသခံ ၅၀၀ လောက်နဲ့ ဘိုးဘွားပိုင်လယ်ယာမြေ ပြန်လည်ရရှိရေး ဆန္ဒထုတ်ခဲ့တဲ့အတွက် လူတချို့ တရားစွဲဆိုခံခဲ့ရပါတယ်။

ကရင်ပြည်နယ်ထဲမှာ ဒေသခံတိုင်းရင်းသားတွေရဲ့ လယ်၊ ယာ၊ ဥယျာဉ်ခြံမြေတွေကို တပ်မတော်၊ တိုင်းရင်းသား လက်​နက်ကိုင်၊ ဌာနဆိုင်ရာ၊ စီးပွားရေးလုပ်ငန်းရှင်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးတွေက အမည်​အမျိုးမျိုးတပ် သိမ်းဆည်းရယူခဲ့တဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်လို့ ယနေ့ထိ ထိထိရောက်ရောက် ဖြေရှင်းပေးတာ မရှိသေးဘူးလို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013