DVB Logo
Home
မြန်မာသတင်း
မုန်းချောင်းအတွင်း သဲကျောက် ထုတ်လုပ်မှုရပ်ဆိုင်းရန် ဒေသခံများ ဒုတိယအကြိမ်ဆန္ဒပြ
DVB
·
January 31, 2018
မုန်းချောင်းအတွင်း သဲကျောက် ထုတ်လုပ်မှုရပ်ဆိုင်းရန် ဒေသခံများ ဒုတိယအကြိမ်ဆန္ဒပြ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် မုန်းချောင်းအတွင်း သဲကျောက်ထုတ်လုပ်နေမှု ရပ်ဆိုင်းပေးဖို့ ဒေသခံ ၃၀ လောက် ဒီနေ့ မနက် ၁၀ ခွဲလောက်က ကျောက်ကြီးမြို့တွင်း လှည့်လည်ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲကို ကျောက်ကြီးမြို့မ ဆယ်ကွေ့လမ်းဆုံမှ စတင်ခဲ့ကြပြီး မြို့တွင်းသို့ လှည့်လယ်ကာ ဆားတန်းရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့ သိန်းတန်ရပ်ကွက်ရှိ တြိဂံကွေ့လမ်းဆုံနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှာ ဟောပြောမှုတွေလည်း လုပ်ခဲ့ပါတယ်။

၂၀၁၇ နိုဝင်ဘာလကလည်း မုန်းချောင်အတွင်း သဲကျောက်ထုတ်လုပ်မှုကြောင့် ကမ်းပါးပြိုကျလာလို့ တောင်သူတွေရဲ့မြေယာဆုံးရှုံးတာတွေ ရှိတဲ့အတွက်  ဆန္ဒပြခဲ့ဖူးပြီး ခုဒုတိယအကြိမ်ထပ်ပြီးဆန္ဒပြကြတာဖြစ်ပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ ကိုကျော်စွာက “အခုထပ်ပြရတဲ့ အကြောင်းရင်းက သဘာဝသယံဇာတဝန်ကြီးကိုယ်တိုင် ခိုင်းတဲ့ဥစ္စာကို သူတို့ ပီပြင်အောင် ဘာမှမလုပ်ပေးတဲ့အတွက် ကျနော်တို့ လမ်းပေါ်ထပ်ထွက်ရတာပါ။ သူတို့ဟာသူတို့ ပါမစ်ကို ခိုးကြောင်ခိုးဝှက်ထုတ်ပြီးတော့ သူတို့ ဒီကျောက်ထုတ်လုပ်မှုကို ဆက်ပြီးလုပ်မှာ ဒါကြောင့် ထပ်ပြီးတော့ပြတာ။ ကျနော်တို့ ကျောက်ထုတ်လုပ်မှုကို မလိုချင်တော့ဘူး။ ကိုယ့်မြေတွေလည်း ဆုံးရှုံးတယ်။ သွားလာရတဲ့ အများပြည်သူတွေလည်း ဒုက္ခရောက်သလို သောက်ရေသုံးရေကအစ အကုန်ဒုက္ခရောက်လို့ပါ။ ကျနော်ဖြစ်ချင်တာကတော့ ဒီကျေက်ကွင်းကို လုံးဝပိတ်ဖို့ပါ"လို့ ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြသူတွေက မုန်းချောင်းအတွင်း သဲကျောက်ထုတ်လုပ်မှု အလိုမရှိ၊ မုန်းချောင်း မပျက်စီးအောင် ထိန်းသိမ်းရေး၊မုန်းချောင်းအတွင်း သဲကျောက်ထုတ်လုပ်မှု ချက်ချင်းရပ် စတဲ့ ကြွေးကြော်သံနဲ့ စတာတွေကို ကိုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်မှုနဲ့ပတ်သက်ပြီး ကျောက်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးအောင်ကတော့ “ကျောက်ကျင်းအရေအတွက်လည်း သတ်မှတ် ထားတာထက်ပိုပြီး မထုတ်နိုင်ပါဘူး။ မုန်းချောင်းမှာ သဲကျောက်ထုတ်လုပ်မှုကနေ ရေလွှမ်းမိုးမှု ကာကွယ်တာလေးတွေ့ရတယ်။ သဲကျောက်မထုတ်ဘူးဆိုရင် ချောင်းကကောသွားပြီးတော့ ရေလျှံပြီး ဘေးရွာတွေကို ဝင်သွားနိုင်ပါတယ်။ အခုဆန္ဒထုတ်ဖော်တဲ့သူတွေနဲ့ ညှိနှိုင်းမှုတွေ ဆက်ဆောင်ရွက်သွားမှာပါ။ လက်ရှိမှာ သဲကျောက်ထုတ်လုပ်ငန်းတွေ မလုပ်နိုင်သေးပါဘူး။ ကန့်ကွက်မှုတွေရှိလို့ တားထားတာရှိတယ်။ တရားဝင်ခွင့်ပြုချက်လိုင်စင်ကျငွေ သွင်းပြီးရင်တော့ လုပ်ငန်းကို စနစ်တကျ ဆောင်ရွက်နိုင်အောင် စီစဉ်သွားမှာပါ”လို့ ပြောပါတယ်။

မုန်းချောင်းအတွင်း သဲကျောက်ထုတ်လုပ်တာကို ၂၀၁၄ ခုနှစ်မှာ တရားဝင်လိုင်စင်နဲ့ ထုတ်လုပ်သူ ၂ ဦးသာရှိပြီး ၂၀၁၆ ခုနှစ်မှာ ၁၀ ဦးလောက်ရှိခဲ့ပါတယ်။

အခုနှစ်မှာ သဲကျောက်ထုတ်လုပ်သူ ၂၀ ကျော်အထိ တိုးလာခဲ့ပြီး လက်ရှိမှာ ကန့်ကွက်တာတွေ ရှိနေတဲ့အတွက် ထုတ်လုပ်တာကို ခေတ္တရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။

သတင်း - ကျော်အောင် (ကညွတ်ကွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013