DVB Logo
Home
မြန်မာသတင်း
မွန်ပြည်သစ်ပါတီဝင် ၅ ဦးကို လွတ်ရက်မစေ့ခင် အကျဉ်းထောင်မှ ပြန်လွှတ်ပေး
DVB
·
January 31, 2018
မွန်ပြည်သစ်ပါတီဝင် ၅ ဦးကို လွတ်ရက်မစေ့ခင် အကျဉ်းထောင်မှ ပြန်လွှတ်ပေး
Donate to DVB

မတရားသင်းဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မွန်ပြည်သစ်ပါတီအဖွဲ့ဝင် ၅ ဦးတို့ လွတ်ရက်မစေ့ခင် ဒီကနေ့မနက် ၈ နာရီခွဲလောက်က ကျိုက်မရော အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာပါတယ်။

သူတို့ ၅ ဦးဟာ ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးခံထားရတာဖြစ်ပြီး လွတ်ရက်မစေ့သေးပေမယ့် မွန်ပြည်သစ်ပါတီဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)မှာ  လက်မှတ်ထိုးဖို့ သဘောတူလိုက်တာကြောင့် အခုလို လွတ်မြောက်လာတာလို့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ထဲမှာ ၃ ယောက်က လွတ်ရက်စေ့ဖို့ ၂ လလောက်ကျန်သေးတယ်။ နောက် ၂ ယောက်က ၂ နှစ်နဲ့ ၃ လလောက်ကျန်သေးတယ်။ အခုလိုပြန်လွတ်လာတာက ကျနော်တို့ တောင်းဆိုတာလည်း ပါတာပေါ့နော်။  ပြီးတော့ သူတို့ဟာ ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့က ဆိုတော့  အန်စီအေ လက်မှတ်ထိုးတဲ့ ကိစ္စနဲ့လည်း အကျုံးဝင်တာပေါ့။ ကျနော်တို့ မွန်ပြည်သစ်ပါတီက အစိုးရနဲ့ အန်စီအေ လက်မှတ်ထိုးဖို့ သဘောတူကြောင်း ထုတ်ပြန်ထားတယ်လေ။ ဒီလိုလွှတ်ပေးတာ ကျနော်တို့ အန်စီအေ လက်မှတ်မထိုးမီကာလ ယုံကြည်မှုကို စောစောပြလိုက်တာကို ၀မ်းသာပါတယ်။ ဆက်လက်ပြီးတော့ ယုံကြည်မှုကို ပိုပြီးတော့ လေးနက်စေချင်တဲ့   တခြားလုပ်ငန်းတွေကိုလည်း ဒီလိုဘဲ ပွင့်လင်းမြင်သာအောင် များများလုပ်ပေးမယ် ဆိုရင်တော့ အများကြီး ဝမ်းသာပါတယ်”

အဖမ်းခံထားရတဲ့ မွန်ပြည်သစ်ပါတီအဖွဲ့ဝင်အားလုံး လွတ်မြောက်လာပြီဖြစ်ပြီး သူတို့အဖွဲ့နဲ့ ဆက်သွယ်လို့ မတရားအသင်း ဆက်သွယ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေ ရှိ၊ မရှိ စုံစမ်းကာ အားလုံးပြန်လွှတ်ပေးဖို့ တောင်းဆိုပေးသွားမယ်လို့  သူက ဆက်ပြောပါတယ်။

ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်ပါတီတို့ဟာ အန်စီအေ လက်မှတ်ထိုးမယ်လို့  ဇန်န၀ါရီ ၂၃ ရက်က အစိုးရနဲ့ တွေ့ဆုံပြီးနောက် ကြေညာခဲ့တာပါ။

ကျန်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ)နဲ့ ရခိုင်ပြည်အမျိုးသားကောင်စီ(အေအန်စီ)တို့လည်း အန်စီအေ လက်မှတ်ရေးထိုးနိုင်ဖို့ ကြိုးစားနေ ဆဲဘဲလို့ နိုင်အောင်မငေးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013