
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က သားဖွားဆေးရုံကို စစ်အာဏာရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့ ပြီးနောက် ရခိုင်ပြည်နယ်က ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဆေးရုံတက်မီးဖွားဖို့ စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်ဟာ နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့၊ ထမ္မရာဇ်ရပ်ကွက်က သားဖွားဆေးရုံကို ဂျက်ဖိုက်တာ ၂ စင်းနဲ့ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် လသားအရွယ် ကလေး ၂ ယောက်နဲ့ ကျန်းမာရေးဝန်ထမ်းတွေအပါဝင် ၆ ယောက် သေဆုံးပြီး ၉ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
သားဖွားဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် လက်ရှိကိုယ်ဝန်ကို ဆေးရုံမှာမီးဖွားဖို့ စိုးရိမ်နေတယ် လို့ မြောက်ဦးမြို့ခံ ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်က ပြောပါတယ်။
“သားဖွားဆေးရုံး ဗုံးကြဲခံထားရတော့ ကျမရဲ့ကိုယ်ဝန်ကို ဘယ်မှာသွားမီးဖွားရမယ်မှန်းတောင် မသိတော့ဘူး။ ဆေးရုံသွားရမှာကို စိတ်ထဲမှာ အလိုလိုကြောက်စိတ်တွေရှိနေတယ်။ ကိုယ့်အရှေ့မှာ ဗုံးကြဲခံထားရပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေရှိနေတော့ စိုးရိမ်စိတ်တွ်ရှိနေတာတော့ အမှန်ပဲ။ စစ်တပ်အနေနဲ့လည်း စစ်ရေးနဲ့မသက်ဆိုင်တဲ့ ဆေးရုံ၊ ဆေးခန်းတွေကို လေကြောင်း ဗုံးကြဲတာတွေ လုံးဝမလုပ်ကြဖို့ တောင်းဆိုချင်တယ်”
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က ဆေးရုံ၊ ဆေးခန်းတွေကို မကြာခဏ လေကြောင်းဗုံးကြဲ နေတာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာတုန်းကလည်း မြောက်ဦးဆေးရုံ ဗုံးကြဲခံရလို့ သေဆုံးသူ ၃၄ ယောက်၊ ဒဏ်ရာရသူ ၇၀ ကျော်ရှိခဲ့ပါတယ်။
ကျောက်တော်မြို့နယ်က အသက် ၃၀ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးတယောက်ကလည်း “ကျမက သားဦးမွေးရမှာဆိုတော့ လုံလုံခြုံခြုံနဲ့ အဆင်ပြေပြေ ချောချောမွေ့မွေ့ မီးဖွားချင်တာ။ အခု ဆေးရုံကို ဗုံးကြဲ၊ ရပ်ရွာတွေကို ဗုံးကြဲနေတော့ မီးဖွားချိန်မှာ တခုခုဖြစ်သွားမှာကို အရမ်းကြောက် နေတယ်။ ဆေးရုံ၊ ဆေးခန်းတွေကို ဆေးခန်းသွားပြရင်တောင် လေကြောင်းအန္တရာယ်ကြောင့် အကြာကြီးမနေရဲတော့ဘူး။ အဲလိုအခြေအနေမျိုးမှာ ဘယ်လို မီးဖွားရမလဲ မသိသေးတော့ ကြောက်စိတ်ရော စိုးရိမ်စိတ်တွေပါ တပြိုင်တည်းခံစားနေရတာ” လို့ပြောပါတယ်။
နိုဝင်ဘာ ၅ ရက် ညကလည်း စစ်အာဏာရှင်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြောက်ဦးမြို့နယ် နန်းကျားကျေးရွာက ကိုယ်ဝန်ဆောင်မိခင်တယောက် သေဆုံးခဲ့ပါသေးတယ်။
နိုဝင်ဘာလ ပထမ ၅ ရက်တွင်းမှာတင် စစ်အာဏာရှင်ဟာ ရခိုင်က မြို့နယ် ၄ ခုကို ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားထိခိုက်သေဆုံးသူ ၁၆ ယောက်အထိ ရှိလာနေပြီး ထိခိုက်ဒဏ်ရာ ရရှိသူဟာ လည်း ၅၃ ယောက်အထိ ရှိလာပါတယ်။











