
ကချင်ပြည်နယ်၊ တနိုင်းမှာ တိုက်ပွဲကြားပိတ်မိနေတဲ့ ရွှေ့ပြောင်းအလုပ်သမား ၃၀၀၀ ကျော်အနက် ၁၀၀၀ ကျော် ပြန်ထွက်လာနိုင်ကြတယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးဇော်ဝင်းက ပြောပါတယ်။
နန့်ကွမ်းရွှေမှော်နဲ့ စမတ်စခန်းကြားမှာ တပ်မတော်နဲ့ ကေအိုင်အေ ကချင်တပ်ဖွဲ့တို့ကြား တိုက်ပွဲတွေဖြစ်နေတာကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေပိတ်မိနေကြတာ ဖြစ်ပါတယ်။
“၂၈ ရက်မှာလူပေါင်း ၃၄၀၀ ကျော်ပိတ်မိနေတာ၊၂၉ရက်နေ့မှာတော့ အမျိုးသမီး ၈၀၀ လွှတ်လိုက်တယ်ဗျ။ မနေ့ကကျတော့ အမျိုးသား ၄၀၀ ထပ်လွှတ်လိုက်တယ်၊ဒီနေ့တော့ ဘယ်လောက်ထပ်လွှတ်တယ်ဆိုတာ ကျနော် မသိရသေးဘူး။ ဟိုဘက်က တပ်မတော်ရှိမယ်။ ဒီဘက်က ကေအိုင်အေရှိမယ်။ တပ်မတော်ဘက်က ပိတ်မိတော့ တပ်မတော်ဘက်က ၂၈ရက်နေ့က ပေးမသွားဘူး။ ၂၈ ရက်ကျတော့ အမျိုးသမီး ၈၀၀ ကို လွှတ်လိုက်တယ်။”
ပယင်းနဲ့ ရွှေတူးဖော်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိတ်မိနေကြတာဖြစ်ပြီး ဒီအခြေအနေကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ကို တင်ပြထားတယ်၊ ပြည်နယ်ဝန်ကြီးချုပ်ကလည်း နယ်လုံဝန်ကြီးအပါအ၀င် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ပိတ်မိနေသူတွေကို ကယ်ထုတ်ပေးဖို့ စီမံလုပ်ဆောင်နေတယ်လို့လည်း ပြောပါတယ်။
အလားတူဖြစ်ရပ်မျိုး တနိုင်းမှာ မကြာခဏဖြစ်ပွားလေ့ရှိပေမယ့် ဒီတကြိမ်ကတော့ ရွှေ့ပြောင်းအလုပ်သမားတွေ ပိတ်မိနေတာမို့ အဆိုးဆုံးအနေအထားဖြစ်တယ်လို့ဆိုပါတယ်။
တနိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဦးလင်းလင်းဦးနဲ့ ဦးနောင်နဂျာတန် တို့ကလည်း တိုက်ပွဲကြားပိတ်မိအလုပ်သမားတွေကိစ္စ အကူအညီပေးဖို့ လွှတ်တော်ဥက္ကဋ္ဌထံ စာရေးတောင်းဆိုထားကြပါတယ်။
တနိုင်းမှာရှိတဲ့ ကေအိုင်အေစခန်းတချို့ သိမ်းပိုက်ရရှိတယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။











