DVB Logo
Home
Lead Story
အခွန်ကဏ္ဍ ပိုမိုတိုးတက်ရေးအတွက် အခွန်ရှောင်သူများအား ထိရောက်စွာ ဖော်ထုတ်သင့်
DVB
·
January 31, 2018
အခွန်ကဏ္ဍ ပိုမိုတိုးတက်ရေးအတွက် အခွန်ရှောင်သူများအား ထိရောက်စွာ ဖော်ထုတ်သင့်
Donate to DVB

၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ၏ အခွန်နှုန်းထားများအပေါ် လျှော့ချ ပြောင်းလဲခဲ့မှု အခြေအနေများအား အသိပေးကြေညာချက်ကို ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းအခွန်များဦးစီးဌာနသည် ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ စသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အကြံပြုချက်များ၊ ပြည်တွင်းရှိ စီးပွားရေးအသင်းအဖွဲ့များ၏ အကြံပြု တင်ပြချက်များအရ အခွန်နည်းနည်းဖြင့် အခွန်အခြေချဲ့ထွင်ပြီး ရသင့်ရထိုက်သော အခွန်အခများ ပြည့်စုံစွာ ကောက်ခံရရှိစေရန် ရည်ရွယ်ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကြေညာချက်ပါ အခွန်နှုန်းများအရ ကုမ္ပဏီဝင်ငွေခွန်အား ယခင် ၃၀ ရာခိုင်နှုန်းမှ ယခု ၂၅ ရာခိုင်နှုန်း၊ တဦးချင်း ဝင်ငွေခွန်အား ယခင် ၂ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအစား ယခု ၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန်အား ယခင် ၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအစား ယခု ၀ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ပြင်ဆင်ခဲ့သည်။ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ကို နိုင်ငံသားဖြစ်ပါက ခိုင်ကြေး ၁၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း၊ ငွေပေးချေမှု ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံခြားသား ဖြစ်ပါက အတိုးပေးငွေ ၁၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း၊ ခိုင်ကြေး ၂၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းနှင့် ငွေပေးချေမှု ၃ ဒသမ ၅ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ပြင်ဆင်ခဲ့သည်။

တံဆိပ်ခေါင်းခွန်များတွင် ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်အတွက် ၃ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအဖြစ်၊ အစုရှယ်ယာလွှဲပြောင်းခြင်း စာချုပ်အတွက် ၀ ဒသမ ၃ ရာခိုင်နှုန်းမှ ၀ ဒသမ ၁ ရာခိုင်နှုန်း၊ ခံဝန်ချုပ်အတွက် ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၀ ဒသမ ၅ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲပြင်ဆင်ခဲ့သည်။ အထူးကုန်စည်ခွန် ၈ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအစား ၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအဖြစ်၊ ပို့ကုန် ၈ ရာခိုင်နှုန်းမှ ၀ ရာခိုင်နှုန်း (အထူးကုန်စည် ၅ မျိုးမှအပ) ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အခွန်ဆိုသည်မှာ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် လည်းကောင်း၊ နိုင်ငံတွင်းလိုအပ်သော အခြေခံအဆောက်အအုံများကို တည်ဆောက်ရန်အတွက် လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လည်းကောင်း၊ လိုအပ်သော ဘဏ္ဍာငွေကို ဖြည့်တင်းနိုင်ရန်အတွက် စုစည်းကောက်ခံသော ငွေကြေးကို ဆိုလိုသည်။

အခွန်နှင့်အခ ဆိုရာတွင် အခွန်မှာ နိုင်ငံတွင်း နေထိုင်နေသူများအနေဖြင့် အခွန်ကို မပေးမနေရ ပေးဆောင်ရန် တာဝန်ရှိပေသည်။ အခွန်ဆောင်ခြင်းကြောင့် တဦးတည်းအတွက် သီးခြားခံစားခွင့် မရှိသော်လည်း အများထဲမှ တဦးအဖြစ် ခံစားခွင့် ရှိပါသည်။ အခ ဆိုသည်မှာမူ မပေးမနေရ မဟုတ်ဘဲ ပေးဆောင်သူမှာလည်း တိုက်ရိုက်ခံစားခွင့် ရရှိနိုင်ပေသည်။ ရေခွန်၊ မီးခွန်၊ ယာဉ်ရပ်နားခွန်၊ အမှိုက်ခွန် အစရှိသည်တို့ဖြစ်ပြီး မိမိရယူခံစားလိုသော အကျိုးအတွက် ပေးဆောင်သော ငွေကြေးဖြစ်သဖြင့် အခဟု ဆိုလိုသည်။

သို့ဖြစ်ရာ အခွန်ဘဏ္ဍာ ရရှိရေးမှာ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အရေးပါသကဲ့သို့ အခွန်ဘဏ္ဍာ ပေးဆောင်နေသော လုပ်ငန်းရှင်များ၊ ပြည်သူများဘက်မှလည်း သင့်တင့်မျှတပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော အခွန်ဘဏ္ဍာတရပ် ဖြစ်ရေးနှင့် ပွင့်လင်းမြင်သာသော အခွန်ဘဏ္ဍာစနစ် ဖြစ်ရေးမှာ အရေးကြီးလှပေရာ အခွန်ငွေများ လျှော့ချ ပြောင်းလဲမှုများမှာလည်း လုပ်ဆောင်သင့်သော ကိစ္စတရပ် ဖြစ်သည်။

မြန်မာနိုင်ငံသည် ကုန်ပစ္စည်း ဝယ်ယူရောင်းချမှု၊ အစားအသောက် ဝယ်ယူသုံးစွဲမှုများအပေါ် ကောက်ခံသော အခွန်နှုန်း အမြင့်ဆုံး ကမ္ဘာ့ ၁၀ နိုင်ငံစာရင်းတွင် တတိယနေရာ၌ ရပ်တည်ခဲ့ကြောင်း World Economic Forum မှ ကောက်ခံထားသော အခွန်နှုန်းထားများ စာရင်းအရ သိရသည်။

ပထမဆုံးနေရာတွင် ရပ်တည်နေသော နိုင်ငံမှာ ဘူတန်နိုင်ငံဖြစ်ပြီး အခွန်ကောက်ခံမှု ၅၀ ရာခိုင်နှုန်းရှိကာ ဒုတိယနေရာတွင်မူ အာဖရိကတိုက်ရှိ Djibouti နိုင်ငံမှ ရပ်တည်နေကာ အခွန်နှုန်း ၃၃ ရာခိုင်နှုန်း၊ တတိယနေရာမှ မြန်မာနိုင်ငံမှာမူ ရောင်းချမှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းကို အခွန်ကောက်ခံနေသဖြင့် အခွန်ကောက်ခံမှုနှုန်း မြင့်မားသော နိုင်ငံများ စာရင်းဝင်ခဲ့ခြင်းပင် ဖြစ်သည်။

ထို့ပြင် ဒီဇင်ဘာ ၆ ရက်နေ့က UMFCCI တွင် အမေရိကန်နိုင်ငံ US-ASEAN Business Council မှ လုပ်ငန်းရှင်များနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲတွင်လည်း မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှုနှုန်း မြင့်မားနေပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များတွင် အခက်အခဲများ ရှိနေကြောင်းကို အမေရိကန်လုပ်ငန်းရှင်များဘက်မှ ထောက်ပြ ဆွေးနွေးသွားခဲ့ကြသည်။

အခွန်အခနှင့် ရပ်တည်ရမည့် အစိုးရအနေဖြင့် ပြည်သူများထံမှ အခွန်အခများ တိကျစွာ ပေးဆောင်လာစေရန် မျှတသော အခွန်အခဖြစ်ရန်နှင့် အခွန်ရှောင်၊ အခွန်မဆောင်သူများကိုလည်း ဖော်ထုတ်ပြီး အခွန်ဆောင်စေရန်နှင့် အရေးယူ ဆောင်ရွက်ရန်တို့ကိုလည်း လုပ်ဆောင်ရမည် ဖြစ်သည်။ ထို့ပြင် နိုင်ငံနှင့် လိုက်လျောညီထွေသော အခွန်နှုန်းထားနှင့် တိကျခိုင်မာပြီး ခေတ်နှင့်လျော်ညီသော အခွန်ဥပဒေများဖြင့်လည်း အခွန်စနစ်ကို သတ်မှတ်လုပ်ဆောင်သင့်သည်။ ဥပမာ- မြန်မာနိုင်ငံဆိုလျှင် လယ်ယာကဏ္ဍ၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍများအတွက် အဓိက တိုးတက်စေရန် ရည်ရွယ်လိုပါက ပြည်တွင်းရှိ လယ်ယာထုတ်ကုန်သုံးပစ္စည်းများကို အခွန်လျှော့ပေးခြင်း၊ အသေးစား၊ အလတ်စား လုပ်ငန်းများအပေါ် အခွန်နှုန်း အလျှော့အတင်း လုပ်ပေးခြင်း စသဖြင့် လုပ်ဆောင်ပေးရန် လိုအပ်သည်။

ပုံမှန်အခွန်ဆောင်နေသော အခွန်ထမ်းများထံမှ အခွန်ငွေများ ထပ်ဆင့်ထပ်ဆင့် တိုးချဲ့ခြင်းအစား အခွန်အပြည့်အဝ မဆောင်၊ အခွန်ရှောင်နေသူများအား စိစစ်အရေးယူခြင်းဖြင့် များပြားလှသော အခွန်ရှောင်မှုများကို ထိန်းချုပ်ကြပ်မတ်သင့်သည်။ အခွန်အခနှင့် ရပ်တည်ရမည့် အစိုးရတရပ်အနေဖြင့် ပြည်သူလူထုထံမှ အခွန်အခများများ ပေးဆောင်လာစေရန်၊ သင့်တင့်မျှတသော အခွန်အခစနစ်တရပ် ဖြစ်စေရန်၊ အခွန်မဆောင်၊ အခွန်ရှောင်နေသူများကိုလည်း အခွန်ပုံမှန်ဆောင်လာစေရန် ဖော်ထုတ်ပြီး အခွန်စည်းဝိုင်းအတွင်း ဝင်ရောက်လာစေရန် လုပ်ဆောင်ရမည် ဖြစ်သည်။

၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ အခန်း (၉) အထွေထွေအပိုဒ်ခွဲ (၃၇) တွင်လည်း ပြည်တွင်းအခွန်များဦးစီးဌာနသည် အခွန်ပေးဆောင်ထိုက်သူများ ဥပဒေနှင့်အညီ ခံစားနိုင်သော အခွန်ဆိုင်ရာ သက်သာခွင့်၊ ကင်းလွတ်ခွင့်များကို ပြည်သူများအား အသိပေးခြင်း၊ သက်သာခွင့်များနှင့်အညီ အခွန်ကောက်ခံရာတွင် တွက်ချက်ခွင့်ပြုပေးခြင်း၊ အခွန်ဆိုင်ရာ တာဝန်ကျေပွန်သည့် အခွန်ဝန်ထမ်းများ၊ အခွန်ထမ်းပြည်သူများအား အသိအမှတ်ပြုခြင်း၊ ထိုက်သင့်သောချီးမြှင့်မှုများ စီမံဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးရမည် စသည့်အချက်များ ထည့်သွင်းပါဝင်ခဲ့ပြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ယူ ကောက်ခံသော သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွက် အခွန်ကောက်ခံရန် လျာထားချက်၏ ၁ ရာခိုင်နှုန်းအား ပြည်တွင်းအခွန်များဦးစီးဌာန၏ သာမန်အသုံးစရိတ်အဖြစ် ခွင့်ပြုပေးရမည်ဟု သတ်မှတ်ထားသည်။ ထိုသာမန်အသုံးစရိတ်များထဲမှ လုပ်ငန်းတာဝန် ကျေပွန်သည့် အခွန်ထမ်းများအား ဆုကြေးငွေအဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့်အညီ အသုံးပြုနိုင်ကြောင်း ပါရှိသည်။

သို့ဖြစ်ရာ အစိုးရအနေဖြင့် အခွန်နှုန်းထားများအား တိုင်းပြည်အနေအထားအပေါ် မူတည်ပြီး အခွန်ထမ်းများအတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသည့် အခွန်နှုန်းထားတရပ် ဖြစ်စေရေးအတွက် အခွန်နှုန်းအား အတိုးအလျှော့ လုပ်ပေးသင့်သကဲ့သို့ အစိုးရ၏ အခွန် Base ချဲ့ထွင်မည့် လုပ်ဆောင်ချက်နှင့်အတူ အခွန်မဆောင်ဘဲ အခွန်ရှောင်နေသူများအပြင် လာဘ်ပေးလာဘ်ယူ ကိစ္စရပ်များကိုပါ ထိရောက်စွာ အရေးယူခြင်းအပြင် အခွန်စည်းဝိုင်း အပြင်ဘက်မှ အခွန်ရှောင်သူများအားလည်း အခွန်ထမ်းဆောင်လိုစိတ် ဖြစ်ပေါ်လာစေရန် အခွန်ဆိုင်ရာ မက်လုံးများပေးခြင်း၊ စည်းရုံးခြင်း၊ ဆွေးနွေးအကြံပြုခြင်းများ စနစ်တကျ လုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်အတွက် လိုအပ်နေသော အခွန်ဘဏ္ဍာကို ဖြည့်တင်းသင့်ပြီး အခွန်နှုန်းထားများ လျှော့ချပြင်ဆင်ပေးခြင်းမှာလည်း ကောင်းမွန်သော အပြောင်းအလဲ ဖြစ်ကြောင်း သုံးသပ်လိုက်ပါသည်။

နေခြည်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013