DVB Logo
Home
မြန်မာသတင်း
သံသေတ္တာလုပ်ငန်း ဈေးကွက်မရှိသဖြင့် လုပ်ကိုင်သူ ရှားပါးလာ
DVB
·
January 31, 2018
သံသေတ္တာလုပ်ငန်း ဈေးကွက်မရှိသဖြင့် လုပ်ကိုင်သူ ရှားပါးလာ
Donate to DVB

တနင်္သာရီတိုင်း မြိတ်ဒေသမှာ လက်မှုလုပ်ငန်းတခုဖြစ်တဲ့ စက်သုံးဆီပီပါတွေကို ထုရိုက်ပြီး ပြုလုပ်ရတဲ့ သံသေတ္တာလုပ်ငန်းတွေ ကုန်ကြမ်းရှားပါးမှုနဲ့ ဈေးကွက်ထဲမှာ အသုံးပြုမှု နည်းပါးလာလို့ လုပ်ငန်းလုပ်ကိုင်သူတွေ ရေရှည်ရပ်တည်ဖို့ အခက်အခဲ ရှိနေပါတယ်။

သံသေတ္တာလုပ်ငန်းနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ငါးနှစ်ဝန်းကျင်က မြိတ်မြို့မှာ တနိုင်တပိုင် မိသားစုလုပ်ငန်းအဖြစ် လုပ်ကိုင်သူတွေ ၇ ဆိုင်လောက်အထိ ရှိခဲ့ရာက အခုဆိုရင် ၂ ဆိုင်လောက်ပဲ လုပ်ကိုင်သူတွေ ကျန်ပါတော့တယ်။ ဒီအလုပ်ရုံ ၂ ခုဟာလည်း မြိတ်မြို့နယ်၊ စန္ဒာဝတ်ကျေးရွာအုပ်စု၊ တိုင်းစစ်ဌာနချုပ်အနီး ရွှေပေးကျေးရွာမှာ လုပ်ကိုင်နေကြတာပါ။

လက်ရှိမှာ ခေတ်ကာလနဲ့အညီ တရုတ်နဲ့ ထိုင်းက ဝင်တဲ့ ပလပ်စတစ်ကော်ပုံးတွေနဲ့ အလူမီနီယံဗီရိုတွေ ထွက်ရှိလာပြီးနောက် သံသေတ္တာလုပ်ငန်းတွေ တဝက်လောက်ကို ရိုက်ခတ်လာလို့ ဈေးကွက်ပျက်လာပြီး ရေရှည်မှာ ရပ်တည်ဖို့ အခက်အခဲရှိသလို တချို့ဆိုရင် လုပ်ငန်းတွေ ရပ်တန့်လိုက်ရတယ်လို့ သံသေတ္တာလုပ်ငန်း လုပ်ကိုင်သူတွေ ပြောပါတယ်။

သံသေတ္တာလုပ်ငန်း လုပ်သူတဦးက “လက်ရှိ သံသေတ္တာလုပ်ငန်းတွေကို မြိတ်မြို့မှာ အရပ်ဘက်က ပြည်သူတွေ အသုံးပြုမှု လျော့သွားပြီးနောက် ဈေးကွက်ထဲမှာ အနည်းနဲ့အများ ဂယက်ရိုက်ခတ်မှုတွေ ရှိလာတယ်။ တပ်မတော်မိသားစုနဲ့ တနှစ် တကြိမ် ပြုလုပ်တဲ့ နိုင်ငံတော်မှ စာစစ်ဌာနတွေမှာ မေးခွန်းတွေထည့်ဖို့ အသုံးပြုဖို့ အော်ဒါပေးခိုင်းတဲ့ အလုပ်ကိုပဲ အပ်နှံတဲ့ ဈေးကွက်ကို မျှော်လင့်မှီခိုနေရတယ်”လို့ ပြောပါတယ်။

သံသေတ္တာလုပ်ငန်းဟာ ကျွမ်းကျင်မှုနဲ့လုပ်ရသလို မြိတ်မြို့မှာ ဒေသခံ မဟုတ်တဲ့ အခြား အထက်မြန်မာပြည်မှ အခြေချ ပြောင်းရွှေ့လာတဲ့သူတွေကသာ လာရောက်လုပ်ကိုင်လေ့ရှိပြီး၊ မြိတ်မြို့က ဒေသခံပြည်သူတွေကတော့ စိတ်ဝင်စားမှု နည်းပါးကာ လေ့လာ သင်ယူတာတွေလည်း မရှိကြဘူးလို့ လုပ်ငန်းကို လုပ်ကိုင်သူတွေက ပြောပါတယ်။

သံသေတ္တာတလုံးကို ရောင်းတန်းအဖြစ် အရွယ်အစား ၃ မျိုး ရှိပြီး အကြီးဆုံး အရွယ် ၃၄ လက်မအရွယ်ကို ၂၂၀၀၀ ကျပ်၊ စစ်သည်တွေ သုံးလေ့ရှိတဲ့ ၂ ပေခွဲ လက်မ ၃၀ သံသေတ္တာ ဆိုရင် ၁၆၀၀၀ ကျပ်နဲ့ အငယ်ဆုံး ၂၇ လက်မ ဆိုရင် ၁၂၀၀၀ ကျပ် ဈေးရှိပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင်က မြိတ်မြို့မှာ သံသေတ္တာလုပ်ငန်း လုပ်ကိုင်သူအများစုက လုပ်ငန်း အဆင်ပြေသလို အလုပ်သမားတွေကိုလည်း ခေါ်ယူခိုင်းရခဲ့ရပြီး အခုချိန်မှာတော့ သံသေတ္တာလုပ်ငန်းဟာ မြိတ်မြို့မှာ တိမ်ကောစ မပြုသေးပေမယ့် အရင်ကထက် သိသိသာသာကြီး လျော့နည်းလာနေပါတယ်။

ဈေးကွက် ထပ်မံထိခိုက်မှုတွေ ရှိလာခဲ့ရင် အခြားလုပ်ငန်းတခုခု ပြောင်းလုပ်ကိုင်ဖို့ စိတ်ကူးရှိနေသလို မိဘလက်ငုတ်လက်ရင်းအလုပ်ဖြစ်လို့ မပျောက်ပျက်အောင် ကြိုးစားပြီး ထိန်းသိမ်းလုပ်ကိုင်သွားဖို့ ရည်ရွယ်ထားသူတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံ မြို့နယ်အသီးသီးမှာ ဒေသအလိုက် ရိုးရာလုပ်ငန်းတွေ၊ အသုံးအဆောင် ပစ္စည်းတွေနဲ့  လက်မှုလုပ်ငန်းတွေ အများစုရှိကြပြီး၊ တချို့လက်မှုလုပ်ငန်းတွေဟာ ခေတ်နဲ့ မလျော်ညီတာကြောင့် ရပ်နားလိုက်ရတဲ့ လုပ်ငန်းတွေလည်း ရှိပါတယ်။

သတင်း - ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013