
ဗေဒင်ဟောခန်းမှာ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားခဲ့တယ်ဆိုပြီး လူမှု ကွန်ရက်မှာတင်တဲ့ အကောင့်ပိုင်ရှင်တွေ ပြန်တောင်းပန်ဖို့ ဗေဒင်ဆရာ အောင်ချစ်ပိုက ဒီနေ့က ရန်ကုန်မြို့ ကမ္ဘာအေးဘုရားက ဆရာစောရန်နိုင်ရဲ့ ဗေဒင်ဟောခန်းမှာ သတင်းစာရှင်းလင်း ပြောဆိုလိုက်ပါတယ်။
“ဖေ့ဘွတ်ခ်မှာ ပို့စ် စတင်တဲ့ ကေခိုင်မြင့်မြတ်ကိုရော ပြန်share တဲ့ ဖြိုးဝေဝင်း အကောင့်ကိုရော တရားစွဲမှာပါ။ သူတို့ကိုယ်တိုင် ပြန်တောင်းပန်ရင်တော့ တရားစွဲထားတာ ရုပ်သိမ်းပေးပါမယ်။”လို့ ဗေဒင်ဆရာ အောင်ချစ်ပိုကပြောပါတယ်။
ဗေဒင်ဟောခန်းမှာ မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်တယ်ဆိုပြီး လူမူကွန်ရက်စာမျက်နှာပေါ်မှာပျံ့နှံနေတဲ့ သတင်းတွေကြောင့် ဗေဒင်ဆရာအောင်ချစ်ပိုကို ကိုးထပ်ကြီးဘုရား ဂေါပကက ဟောခန်းပိတ်ခိုင်းခဲ့ပြီး ဗေဒင်အစီစဉ်လွှင့်နေတဲ့ Channel 9 ကလည်း အစီအစဉ်ကို ရပ်ဆိုင်းလိုက်ပါတယ်။
“မဟုတ်မမှန် စွပ်စွဲချက်တွေကြောင့် ကျနော်အများကြီး ထိခိုက်နစ်နာပါတယ်။ ဟောခန်းကိုလည်း ခေတ္တပိတ်ဖို့ ဂေါပကက ပြောထားပါတယ်။ TV အစီအစဉ်ကိုလည်း ရပ်ဆိုင်းထားရပါတယ်။”
ဗေဒင်ဆရာအောင်ချစ်ပိုဟာ အသက် ၁၉ နှစ်ကတည်းက ဗေဒင်ဟောခဲ့တာဖြစ်ပြီး ကိုးထပ်ကြီးဘုရားမှာ ဟောခန်းဖွင့်ထားတာ တနှစ်လောက်ရှိပြီလို့သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်စာမျက်နှာတွေမှာ ဗေဒင်လာမေးတဲ့ အမျိုးသမီးငယ်တွေရဲ့ ခန္ဓာကိုယ်မှာ မှည့်ပါမပါ ကြည့်ခဲ့တွေ အရှက်ရစေတဲ့နေရာတွေကို အဆောင်ယတြာတွေ ထည့်ပေးခဲ့တယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်မှာ စတင်ထွက်ပေါ်ခဲ့ပါတယ်။
ဒါနဲ့ ပတ်သက်ပြီး ကာယကံရှင် ဗေဒင်ဆရာအောင်ချစ်ပိုကတော့ သူ့ဟောခန်းဟာ မှန်အကြည်ကာထားတာ ဖြစ်ကြောင်း အဲ့လို လုပ်ရပ်တွေ လုံးဝမလုပ်ခဲ့ကြောင်းနဲ့ သူရဲ့အောင်မြင်ကျော်ကြားမူနဲ့ ဂုဏ်သိက္ခာကို တမင်တိုက်ခိုက်တာလို့ မီဒီယာတွေကိုတွေ့ဆုံရှင်းလင်းခဲ့ပါတယ်။











