DVB Logo
Home
Lead Story
Facebook တခွင်တပြင် ဘာတွေဖြစ်နေလဲ
DVB
·
January 31, 2018
Facebook တခွင်တပြင် ဘာတွေဖြစ်နေလဲ
1 / 3
Donate to DVB

တောင်ဆိပ်တကောင်ရဲ့ နက္ခတ်လွှမ်းမိုးနေတဲ့ ဒီရာသီ ဒီမနက်ခင်းမှာ  မြူနှင်းလေးတွေ သဲသဲမဲမဲ ကျဆင်းနေကျ ဒီမြို့လေးမှာ ဆောင်းဟာ အရင်က ဆောင်းလို မဟုတ်ဘူး။ ဆောင်းမပီသတော့ဘူး။

ဒေဝတာတွေက ခိုးဝှက် နတ်ဝှက်သလိုလို ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့တဲ့ နှင်းမှုန် နှင်းစက်လေးတွေ မမြင်ရတော့တဲ့ မနက်ခင်းတခုမှာ...

ဆိုကြပါစို့ ဒီမနက်မှာ-

ညှို့အားပြင်းပြင်းနဲ့ ဖေ့စ်ဘွတ်ခ် (Facebook) နံရံပြပွဲ ပင်လယ်တကြောကို မျောပါ ခုန်ဆင်းလာတဲ့ မြောက်ပိုင်းရွာသား လူစီထွား။

သူ ရေအိမ်ထဲကို ရောက်နေတာ နာရီဝက်မကတော့ဘူး။ ဒါပေမယ့် ညှစ်ထုတ် စွန့်ပစ်နေတယ်ဆိုတာ တခါတခါ မေ့မေ့သွားမယ်။ လက်ထဲမှာကိုင်ထားတဲ့ စမတ်ဖုန်းလေးကတဆင့် မနေ့ကတင်ထားတဲ့ ဓာတ်ပုံလေးတွေကို ပြန်ရှာကြည့်နေမယ်။ ဆိုပါစို့။ ကားအင်ဂျင်ဝိုင် ကြော်ငြာရိုက်ချက်လေးက အတော်လန်းတယ်။ ဒီပုံမျိုးဟာ တန်ဆောင်တိုင်မီးထွန်းပွဲက ဗြောက်အိုးတွေ အတွဲလိုက် ပေါက်ကွဲသလို ဖေ့စ်ဘွတ်ခ်က ငနဲသားတွေကြားမှာ စီခနဲ ညံခနဲ ဖြစ်ကိုဖြစ်ရမယ့် ပုံတွေလေ။ ခါတိုင်း အားပေးနေကျ ဖေ့စ်ဘွတ်ခ် ကာလသားတွေကြားမှာ သိန်းသန်းချီအောင် ပလူပျံ ရှယ်ကြ ဖြန့်ဝေကြ။ ဝေဖန်ကြ လေကန်ကြ။ ပြင်းပြကြ ယင်းထကြ။

ခုတော့ ဘာဖြစ်တာလဲ၊ ဘာကြောင့်လဲ၊ လူတွေ သိပ်မကြည့်ကြတော့ဘူးလား။ ရိုးအီသွားပြီလား။

လူ လေးငါးဆယ်လောက် Like လုပ်ထားတယ်။ ဆယ်ဂဏန်းလောက် ပြန်ပြီး တဆင့် ဖြန့်ဝေထားတယ်။ ဆိုပါစို့။

ဖေ့စ်ဘွတ်ခ်မှာ ရူပဒါန အလှူခံတွေ ဘယ်သွားသေနေကြလဲ။

မှတ်ချက်ရေးနေကျ အစ်ကိုကာလသားတွေ ခါတိုင်းလို သိန်းသန်းချီပြီး မမြင်ရတော့ဘူး။ ဘယ်ပျောက်နေကြလဲ။ ခါတိုင်းကဆို ဒီလိုပုံလေးများ တင်ပြလိုက်ရင် သိန်းပေါင်းများစွာ ပုရိသလောကမှာ ရစ်ခ်ျတာစကေး ၈၊ ၉၊ ၁၀ လောက် ငလျင်လှုပ်ပစ်လိုက်သလို တုန်ဆင်းသွားရမယ်ဆိုတာ သူသိတယ်။ ခုတော့ ဘာဖြစ်တာလဲ။ ဇူကာဘတ် သေနာကောင် ဘာတွေ လျှောက်လုပ်နေလဲ။ သူ ငြိုငြင်မယ်။

ဇူကာဘတ်၊ နင် ဘာတွေ လျှောက်လျှောက်လုပ်ပြန်ပြီလဲ။ စိတ်တိုတိုနဲ့ ဆဲရေး တိုင်းထွာပစ်လိုက်မယ်။ ဆိုကြပါစို့။

New Facebook?

ခါတိုင်းလို အလွယ်တကူ ပျံ့နှံ့သွားတာတွေ၊ သန်းပေါင်းများစွာ လက်ဆင့်ကမ်း ရှယ်ကြ မျှဝေနေကြတာတွေ၊ လူစိမ်းတွေကြားမှာ ပေါ်ပြူလာဇာတ်ခင်းဖို့ မလွယ်တော့တာတွေက သိပ်မကြာခင်မှာ ကြုံရတော့မယ် ဆိုပါစို့။

ဒီလိုနဲ့ ဖေ့စ်ဘွတ်ခ်ဟာ နောက်ထပ် လူတွေ အံ့သြစရာတွေဖြစ်အောင် လုပ်ဖို့ ပြင်ဆင်နေတဲ့အကြောင်း၊ သတင်းအတုတွေကို ဖြေရှင်းဖို့ ရုန်းကန်နေရတဲ့အကြောင်း သတင်းတွေ တွေ့မြင်နေကြရမယ် ထင်ပါတယ်။

ဖေ့စ်ဘွတ်ခ်မှာ မိသားစုနဲ့ ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေရဲ့ ပို့စ်တွေကို အဓိက မြင်ရတော့မယ်။

စီးပွားရေးကြော်ငြာတွေ၊ မီဒီယာတွေကို သိပ်မြင်ရတော့မယ် မဟုတ်ဘူးဆိုတဲ့ နောက်ဆုံးသတင်းတွေ တကမ္ဘာလုံးဆိုင်ရာ ပွစိပွစိ ဗျစ်တောက်ဗျစ်တောက် ပြောဆိုနေကြတာတွေ မကြာမီ လာမည်ဆိုတာတွေ ကြားရပြီးပြီ ထင်ပါတယ်။

ဖေ့စ်ဘွတ်ခ်ရဲ့ နောက်ဆုံး အယ်ဂိုလ်ရစ်သမ် အပြောင်းအလဲကို မြင်ရတဲ့အခါ ဖေ့စ်ဘွတ်ခ်ကတဆင့် ပရိသတ်ပိုရဖို့ ကြိုးစားနေကြတဲ့ မီဒီယာတွေမှာ အွန်လိုင်း ဈေးရောင်းဈေးဝယ် လုပ်နေကြတဲ့သူတွေကြားမှာ တချို့ကလည်း ဒါ အိပ်မက်ဆိုးတခုလို့ ထင်ချင်ထင်ပါမယ်။ မိုးပြိုပြီ။ ကြော်ငြာစရာ နေရာလေးမှာ ကမ္ဘာပျက်ပြီ စသဖြင့်  ထင်ကြမယ်။ ဖေ့စ်ဘွတ်ခ်ကတဆင့် အွန်လိုင်းကနေ ပေါ်ပြူလာ ဆယ်လီတယောက်ဖြစ်ဖို့ ကျိတ်ကြံနေတဲ့ အဆိုတော်ပေါက်စလည်း ပြဿနာရှိမယ်။ ဖေ့စ်ဘွတ်ခ်ကို မှီခိုနေရတဲ့ အသေးစားလုပ်ငန်းရှင်တွေ အတွက်လည်း အခက်အခဲတခု ဖြစ်လာမယ်။ ဖေ့စ်ဘွတ်ခ်မှာ ပြိုင်ဆိုင်မှုအား ပြင်းပြင်းမှာ ရပ်တည်နိုင်ဖို့ သင့်တော်သလို ထိန်းညှိပြောင်းလဲတာတွေ လုပ်ရတော့မယ်။ စိတ်မောရမယ်၊ အိပ်ပျက်ရမယ်၊ ရင်မောရမယ်။

တကယ်တော့ တချို့နိုင်ငံငယ်လေးတွေမှာ ဖေ့စ်ဘွတ်ခ်ရဲ့ မူဝါဒအသစ်ကို စတင်စမ်းသပ်နေပါပြီ။ ကြော်ငြာတွေ၊ မီဒီယာတွေထက် မိသားစု ဆွေမျိုးသားချင်း မိတ်ဆွေရင်းတွေရဲ့ ပို့စ်တွေကို ပိုမြင်လာကြရပြီ။ “Explore Feed” ဆိုတဲ့ ဒုံးပျံပုံကလေးကို ကလစ်လုပ်ကြည့်ရပါတယ်။ အဲဒါမှပဲ ကြော်ငြာဆန်တဲ့ပို့စ်တွေ အများပြည်သူကို တင်ပြနေကြတဲ့ မီဒီယာပို့စ်တွေကို မြင်ရပါမယ်။

အများစုကတော့ ဖေ့စ်ဘွတ်ခ်ကို ကြော်ငြာခပေးပြီး လူများများတွေ့အောင် စီရင်သူတွေ ပါမယ်။ ပုံမှန် Newsfeed မှာတော့ လူရင်းတွေလောက်ပဲ။

ဒါက နည်းနည်း စပ်ဖျင်းဖျင်းတော့ နေမှာပေါ့လေ။

အမေတို့၊ အဖွားတို့ ဖေ့စ်ဘွတ်ခ်သုံးရင် စာတိုလေးတွေ ရေးတင်လေ့ရှိရင် သူတို့ရေးနေတာတွေ၊ ဓာတ်ပုံလေးတွေ တင်ပြနေတာတွေ ဦးစားပေး မြင်ရတော့မပေါ့။ ရွာက ဆွေမျိုး အပျိုကြီး တင်ပြတဲ့ စာရေးသူရဲ့ ရိုးရှင်းသောညစာ ဆိုတာတွေ အန်တီ အိပ်ရာထကာစ မိတ်ကပ်မပါ ဝါစာကမာပုံလေး လှလားဟင် ဆိုတာတွေ။ ဒီမနက်လည်း ပိတ်သတ်ကြီးကို ဆုတောင်းပေးနေတယ်နော်ဆိုတဲ့ ရွာဦးကျောင်းက ဘုန်းဘုန်း ရေးတင်နေတာတွေ ပိုပိုပြီး မြင်ရတော့မှာပေါ့။

သည်းခံဒကာ ဆိုတဲ့ ဘုန်းဘုန်းအသံ ခဏ ခဏ ကြားယောင်လာစရာ ရှိတယ်။

“ဖေ့စ်ဘွတ်ခ်က ပံ့ပိုးပေးနိုင်တဲ့ အရေးကြီးဆုံးတခုဖြစ်တဲ့ မိသားစုတွေ မိတ်ဆွေတွေနဲ့ အဆက်အသွယ်မပြတ်ရေး ကိစ္စထက်စာရင် အများနဲ့ဆိုင်ရာ လူထုဆိုင်ရာ ကိစ္စတွေက ပိုများလာနေတာကြောင့် တယောက်နဲ့တယောက် အဆက်မပြတ်ကြဖို့ ဝိုင်းဝန်းကူညီပေးကြပါ” လို့ မာ့ခ် ဇူကာဘတ်က တိုက်တွန်းပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ သူ့ပလက်ဖောင်းပေါ်မှာ လူတွေအတွက် ပိုအဓိပ္ပာယ်ရှိတဲ့ အဆက်အသွယ်တွေကို ပိုတိုးပြသပေးဖို့ လုပ်နေတယ်လို့ သူကဆိုပါတယ်။ Branded Content ကြော်ငြာပို့စ်တွေဟာ လူထုဆီကို လွယ်လွယ်နဲ့ မရောက်တော့အောင် လုပ်လိုက်ခြင်းအားဖြင့် လူတွေဆီကို ပိုရောက်စေချင်တဲ့အခါ ကြော်ငြာခပေးပြီး ပျံ့နှံ့အောင် လုပ်ရတော့မယ်။ ဒါဆိုရင် ဖေ့စ်ဘွတ်ခ်အတွက်လည်း ပိုတွက်ခြေကိုက်မယ်လို့ ဇူကာဘတ်က မျှော်လင့်မှာပေါ့။

ရေရှည်မှာတော့ သူ မျှော်လင့်သလို ဖြစ်ရင် ဖြစ်လာမှာပေါ့။

ဒါပေမယ့် လတ်တလောမှာတော့ မူဝါဒအသစ်ကြောင့် ဇူကာဘတ်တို့အတွက်လည်း ထိခိုက်တာပါပဲ။ ၂၀၁၈ နှစ်စပိုင်း Wall Street ဈေးကွက်မှာ ရှယ်ယာတန်ဖိုး ၄ ဒသမ ၅ ရာခိုင်နှုန်း ပြုတ်ကျပြိုဆင်းသွားတဲ့အခါ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံ၊ ဒေါ်လာသန်းပေါင်း ၃၃၀၀ တန်ဖိုးလောက် ထိခိုက်ပါတယ်။

ဆိုတော့ကာ ဖေ့စ်ဘွတ်ခ်ကို နေ့စဉ် အားကိုးနေရတဲ့ လုပ်ငန်းရှင် ပေါက်စလေးရေ၊ မင်းသမီးပေါက်စလေးရေ၊ အဆိုတော်သစ်လေးရေ၊ တောမြို့ငယ်လေးက ဂျာနယ်ကျော် ထုတ်ဝေသူလေးရေ၊ ခုချိန်ကစပြီး စဉ်းစားရတော့မယ့် မေးခွန်း…..

“ကဲ ခုဘယ်လိုလုပ်မလဲ။ ?”

ကိုယ့်ကုန်ပစ္စည်း ကြော်ငြာဖို့၊ ကိုယ့်မီဒီယာ ကိုယ့်ကုမ္ပဏီ ကိုယ့်အဖွဲ့အစည်းကို ကြော်ငြာဖို့၊ အနှံ့အပြားကို ရောက်နိုင်ဖို့၊ ဖေ့စ်ဘွတ်ခ်ကို အားကိုးပါတယ်ဆိုမှ ဇူကာဘတ်က ဒီလိုတဲ့လား။ ကိုယ် တင်ပြချင်တဲ့ လူတွေအများစုက မမြင်ရတော့ဘူး။ အပြန်အလှန် ဆွေးနွေးဖလှယ်ဖို့ အခွင့်အလမ်း နည်းတော့မယ်။ ကိုယ့်တင်ပြချက်တွေနဲ့ ပတ်သက်လို့  Organic လို့ခေါ်တဲ့ ဘာဆေးမှမထိုးဘဲ ဖေ့စ်ဘွတ်ခ်ကို ကြော်ငြာခမပေးဘဲနဲ့တော့ လူတွေ သိပ်မသိရတော့ဘူး။

လူထုဆက်ဆံရေး မျှော်လင့်ချက်အတွက် ဘာမှမရှိတော့ဘူး။ ဖေ့စ်ဘွတ်ခ်တခွင်မှာ ဆဲဆိုသံတွေ အပါအဝင် အကြီးအကျယ် ငြိမ်သက် တိတ်ဆိတ်သွားကြတော့မယ်။

ကဲ… ဘာဆက်လုပ်ကြမလဲ။

(ဆက်ရန်ရှိပါသည်။)

သန်းဝင်းထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013