DVB Logo
Home
မြန်မာသတင်း
သင်္ချိုင်းထဲ အမှိုက်ပုံနေတာကြောင့် ပြွန်တန်ဆာဒေသခံများ အသုဘချရာတွင် အခက်တွေ့
DVB
·
January 31, 2018
သင်္ချိုင်းထဲ အမှိုက်ပုံနေတာကြောင့် ပြွန်တန်ဆာဒေသခံများ အသုဘချရာတွင် အခက်တွေ့
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပြွန်တန်ဆာမြို့၊ မြို့မ ၁ ရက်ကွက်ရှိ အရှေ့သင်္ချိုင်းထဲမှာ မြို့နယ်စည်ပင်သာယာက အမှိုက်လာပုံနေတာကြောင့် အသုဘချရာမှာ အခက်အခဲတွေ့နေသလို ကျန်းမာရေးထိခိုက်မှု ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရှေ့သင်္ချိုင်းအတွင်းရှိ အမှိုက်ပုံဟာ ပြွန်တန်ဆာမြို့ မြို့မ (၁) ရပ်ကွက်နဲ့ အောက်စုကျေးရွာကို ဆက်သွယ်ထားတဲ့ လမ်းဘေးမှာရှိပြီး အနီးပတ်ဝန်းကျင်မှာ ဘုန်းကြီးကျောင်း သုံးကျောင်းနဲ့ စာသင်ကျောင်းတကျောင်း ရှိနေတာ ဖြစ်ပါတယ်။

အောက်စု အ.လ.က(ခွဲ)ကျောင်းဆရာမ ဒေါ်ခင်မာစိုးက “အရင်က အမှိုက်ပုံဟာ လယ်အစပ်မှာ ရှိနေတာကြောင့် အခက်အခဲ မရှိခဲ့ပေမယ့် ခုချိန်မှာ ကျောင်းသွား ကျောင်းပြန် လမ်းတလျှောက် လမ်းကတဝက် အမှိုက်ပုံက တဝက် ဖြစ်လာနေတာကြောင့် အမှိုက်ပုံက အညစ်အကြေးတွေ လမ်းပေါ် စီးဆင်းပြီး ကျောင်းသား ကျောင်းသူ၊ ရဟန်းသံဃာ၊ သက်ကြီးရွယ်အိုတွေ သွားလာရေးမှာ အခက်အခဲရှိနေသလို ကျန်းမာရေးပါ ထိခိုက်လာရတယ်။ အမှိုက်ပုံက ထွက်လာတဲ့ အနံ့ဆိုးတွေကြောင့် သင်္ချိုင်းထဲက ဇရပ်မှာ သံဃာတော်တွေ သရဏဂုံတင် တရားမပေးနိုင်တော့သလို သင်္ချိုင်းအဝင်လမ်းတလျှောက် အမှိုက်တွေ ပုံထားတာကြောင့် အသုဘချရာမှာ သင်္ချိုင်းထဲဝင်ဖို့ရာ လမ်းအခက်အခဲ ရှိနေတယ်။ မစွန့်ပစ်နဲ့ မဟုတ်ဘူး၊ လာစွန့်ပစ်ပါ။ စည်းနဲ့ ကမ်းနဲ့ သူ့နေရာလေးမှာ စွန့်ပစ်ပြီး ပုံမယ်ဆိုရင် အခက်အခဲ မရှိဘူး”လို့ ပြောပါတယ်။

ညောင်လေးပင်မြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးထင်အောင်ဦးကတော့ ဒီနှစ်အတွင်းမှာ နှစ်ကြိမ်လောက် အမှိုက်ပုံကို ရှင်းထုတ်ခဲ့ဖူးပေမယ့် ဒေသခံပြည်သူတချို့ စည်းကမ်းလိုက်နာခြင်း မရှိဘဲ လမ်းဘေးမှာ လာရောက်စွန့်ပစ်နေတာကြောင့် ဒီပြဿနာ ဖြစ်လာရတာလို့ ဒီဗွီဘီကို ပြောပါတယ်။

“အဓိကပြဿနာက မြေနေရာ အခက်အခဲပဲ။ အမှိုက်ကို သီးသန့်စွန့်ပစ်ဖို့ နေရာဝယ်တော့လည်း မရဘူး။ ခုအချိန်မှာ စွန့်ပစ်ရမယ့် နေရာတွေ ရှားပါလာပြီ၊ အမှိုက်သိမ်းတဲ့ နေရာမှာ လုပ်နေရသလို အမှိုက်ပုံကို ပြန်ရှင်းရတဲ့ ပြဿနာပါ ရှိနေတယ်။”

ပြွန်တန်ဆာမြို့မှာ သင်္ချိုင်းသုံးခုရှိပြီး အခုသင်္ချိုင်းကို မြို့မ (၁ -၂ - ၃) ရပ်ကွက်တွေက အဓိကထားပြီး အသုဘချကြတာ ဖြစ်ပါတယ်။ ပြွန်တန်ဆာမြို့မှာ  တနေ့ကို အမှိုက်တန်ချိန် ၁ တန်ခွဲလောက် ထွက်ရှိပြီး တလကို ပျမ်းမျှ တန် ၆၀ နီးပါးထွက်ရှိကာ အလုပ်သမားအင်အား ၅ ဦးနဲ့ အမှိုက်သိမ်းနေရတာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013