
မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ၆၂လမ်း စက်မှုပန်းခြံလမ်းရှိ VeVe အချိုရည်စက်ရုံက အလုပ်သမားအင်အား ၁၅၀ နီးပါးဟာ ဒီကနေ့မနက်က အလုပ်သမား ရပိုင်ခွင့်တွေအတွက် စက်ရုံရှေ့မှာ တောင်းဆို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လုပ်ငန်းခွင်ထဲမှာ အမျိုးသမီးတွေကို မိုက်ရိုင်းစွာဆဲဆိုဆက်ဆံ လိင်အကြမ်းဖက်တဲ့ ခေါင်းဆောင်တွေ အလိုမရှိ၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့ မြန်မာယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ ယူနီဖောင်းတွေ ပြောင်းလဲပေးရေး၊ နားနေဆောင်တွေရရှိရေး၊ ကုန်တင်ကုန်ချအလုပ်တွေကို အမျိုးသမီးတွေကို မခိုင်းစေရေး၊ အလုပ်သမားတွေရဲ့ဆန္ဒမပါဘဲ မြို့/ဌာန မပြောင်းရွေ့ရေး အတွက် အလုပ်သမားတွေက တောင်းဆိုခဲ့ကြပါတယ်။
ဒါ့အပြင် လူမှုဖူလုံရေးကတ်တွေအမြန်ရရှိရေး၊ အစည်းအဝေးကို နားချိန်မှာ မခေါ်ယူဖို့၊ ကျားအိမ်သာသန့်ရှင်းရေးကို အမျိုးသမီးတွေကို မခိုင်းစေဖို့၊ စက်ရုံအတွင်း သန့်ရှင်းရေး ဝန်ထမ်းသီးသန့်ထားရှိဖို့၊ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ရရှိဖို့၊ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့်နဲ့ ဆေးခွင့်တွေရရှိဖို့၊ နှစ်တိုးကြေးတွေရရှိဖို့၊ အပြင်နေလုပ်သားတွေအတွက် ဖယ်ရီ(သို့)မဟုတ် ခရီးစရိတ်စီစဉ်ပေးဖို့ စတဲ့ကြွေးကျော်သံ ၁၅ ချက်ကို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။











