DVB Logo
Home
Lead Story
မြေငလျင်ဆိုတာ ခန့်မှန်းလို့ ရသလား
DVB
·
January 30, 2018
မြေငလျင်ဆိုတာ ခန့်မှန်းလို့ ရသလား
Donate to DVB

ကျနော်နဲ့တွေ့တဲ့သူ အများစုက မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတခုကတော့ “မြေငလျင်ဆိုတာ ခန့်မှန်းလို့ရသလား” ဆိုတဲ့ မေးခွန်းပါပဲ။ ဒီမေးခွန်းအပေါ်မှာတော့ သိပ္ပံပညာရှင်များအကြားမှာကို အမြင်ကတော့ အမျိုးမျိုးပါပဲ၊ အစွန်းရောက်တဲ့ ဆန့်ကျင်ဘက် အမြင်ကတော့ “Mission Impossible” ပါတဲ့။ အကောင်းမြင်ဝါဒီတွေကတော့ ဒဿနဆန်ဆန် ပြောပါတယ်။ “လောကမှာ မဖြစ်နိုင်တာ မရှိ၊ မဖြစ်သေးတာသာ ရှိပါတယ်” တဲ့။ အဲ.. မှန်မှန်ကန်ကန် မျှမျှတတ ပြောကြတဲ့သူတွေကတော့ “ရာနှုန်းပြည့်တော့ မအောင်မြင်သေးပါဘူး” တဲ့။

ဟုတ်ကဲ့။ အဲဒါကတော့ လက်ရှိအခြေအနေအမှန်ပါပဲ၊ မြေငလျင် ခန့်မှန်းရေးကို လူသားတွေ အပတ်တကုတ် ကြိုးစားဖော်ထုတ်နေခဲ့ကြတာ ကြာပါပြီ၊။ မြေငလျင် ခန့်မှန်းချက်တွေ ထုတ်ခဲ့ကြရာမှာ မှန်တဲ့ Hit တွေ၊ လွဲတဲ့ Miss တွေ၊ အများကြီးပါပဲ။ သမိုင်းမှာ Hit ဖြစ်ခဲ့တာတွေ အမှန်တကယ် ရှိခဲ့ပါတယ် ဆိုတာကိုတော့ ရိုးရိုးသားသား ဝန်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ Miss တွေကလည်း အမြောက်အမြားပါပဲတဲ့။ ပြဿနာကတော့ လူအများကို ခန့်မှန်းပေးဖို့အတွက် ယုံကြည်စိတ်ချရမှု ရာခိုင်နှုန်း မမြင့်သေးတာပါပဲ။ လူအများနဲ့ပတ်သက်နေတဲ့ကိစ္စ ဆိုလေတော့ မသေချာဘဲနဲ့ ချပြရရင် နောက်ဆက်တွဲ ပြဿနာတွေက ဒုနဲ့ဒေးပါ။

ပသို့ဆိုစေ မြေငလျင် ခန့်မှန်းမှုနည်းပညာ ဆိုတာကတော့ အမှန်တကယ် ရှိနေပါတယ်။ ကနေ့အချိန်အထိလည်း လေ့လာအား ပြင်းထန်စွာနဲ့ ဖြစ်ပေါ်တိုးတက်နေတဲ့ ရှင်သန်နေဆဲ ပညာရပ် (Living Subject) တခု ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နည်းပဲဖြစ်ဖြစ် ရာနှုန်းပြည့် တနည်းပြောရရင် စင်းလုံးချောတော့ မဟုတ်သေးတာရယ်၊ နောက်ပြီး လှုပ်မယ့်အချိန်ကို နေ့ရက်နဲ့ အနီးကပ်ဆုံး မပြောနိုင်ဘဲ အချိန်ကာလ အတိုင်းအတာတခုနဲ့သာ ပြောနိုင်သေးတာရယ် ဒါတွေဟာ မြေငလျင်ခန့်မှန်းရေးလုပ်ငန်းရဲ့ လက်ရှိအချိန်အထိ အဓိကအားနည်းချက်တွေ ဖြစ်နေပါသေးတယ်။

ဘယ်လို ခန့်မှန်းကြလဲ၊ ဘာနည်းတွေ သုံးကြလဲ ဆိုတာနဲ့ ပတ်သက်လို့တော့ အကြမ်းအားဖြင့် ချုပ်ရရင်တော့ မြေငလျင် ကြိုတင်ခန့်မှန်းတဲ့ နည်းပညာအပိုင်းအနေနဲ့ကတော့ စာရင်းချကြည့်လိုက်ရင် (၁) စာရင်းအင်းဆိုင်ရာ အချက်အလက်တွေ အသုံးပြု ခန့်မှန်းနည်း၊ (၂) မြေသားလွှာကြီးများရဲ့ ရွေ့လျားမှုကို GPS ကွန်ရက်နဲ့ နေ့စဉ် စောင့်ကြပ်ကြည့်ရှုကာ ခန့်မှန်းနည်း၊ (၃) မြေငလျင် Gap သီအိုရီ အသုံးပြု ခန့်မှန်းနည်း၊ (၄) မြေငလျင်မလှုပ်မီ ဖြစ်ပေါ်တတ်တဲ့ နိမိတ်ပုံတွေနဲ့ ခန့်မှန်းနည်းလို့ အကြမ်းအနေနဲ့ ၄ အုပ်စု ခွဲနိုင်ပါတယ်။

စာရင်းအင်း အချက်အလက် အသုံးပြု ခန့်မှန်းတဲ့ နည်းပညာကတော့ မြေငလျင် လှုပ်ရှားမှုမှတ်တမ်းတွေကို နေရာအားဖြင့်၊ အချိန်ကာလအားဖြင့် လုံလုံလောက်လောက် ရရှိအောင် တိုင်းတာစုဆောင်းပြီး စာရင်းအင်းနည်းပညာ အသုံးပြုကာ လေ့လာခွဲခြားရပါတယ်။ ပြီးတော့ လှုပ်ရှားလာနိုင်တဲ့ မြေငလျင်ရဲ့ အင်အားနဲ့ တည်နေရာကို တွက်ချက်ခန့်မှန်းပေးခြင်း ဖြစ်ပါတယ်။ ဒီနည်းစနစ်မှာတော့ ယခင်လှုပ်ရှားခဲ့ပြီးတဲ့ မြေငလျင်တွေရဲ့ အင်အားတွေနဲ့ အဲဒီမြေငလျင်တွေ တကျော့ပြန်လည် လှုပ်ရှားလာနိုင်တဲ့ အချိန်ကာလ ဆက်စပ်မှုကို လေ့လာရှာဖွေရပါတယ်။ နောက်ပြီး မြေငလျင်တခုဟာ စဦး အခြေအနေအရပ်ရပ်သာ တူနေခဲ့ရင် အလားတူ မြေငလျင်ပဲ ထပ်လှုပ်ရမယ်လို့ အခြေခံယူဆချက်ကို ထားပြီး၊ ခန့်မှန်းတဲ့ စနစ်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ ရရှိနေတဲ့ ရလဒ် အနေအထားကတော့ ဒီနည်းပညာဟာ အင်အားမပြင်းထန်တဲ့ မြေငလျင်ငယ်ကလေးများအတွက်သာ အလုပ်ဖြစ်နေပြီး ပြင်းထန်တဲ့ မြေငလျင်ကြီးများကိုတော့ မှန်ကန်အောင် ခန့်မှန်းမပေးနိုင်တာကို တွေ့နေရပါတယ်။ နောက်ပြီး မြေငလျင် သမိုင်းမှတ်တမ်းတွေလည်း အမြောက်အမြား လိုအပ်ပါတယ်။

ခေတ်မီတဲ့ နည်းပညာတခုကတော့ မြေငလျင် စောင့်ကြပ်ကြည့်ရှုတဲ့ GPS ကွန်ရက်တွေ ထူထောင်ပြီး မြေသားလှုပ်ရှားမှုတွေကို အမြဲစောင့်ကြပ်ကြည့်ရှုတဲ့ ခန့်မှန်းရေး နည်းပညာ ဖြစ်ပါတယ်။ ဒီနည်းပညာမှာတော့ ကမ္ဘာ့မြေသားအလွှာကြီးများရဲ့ ပြောင်းလဲ ရွေ့လျားနေမှုကို စောင့်ကြပ်ကြည့်ရှုဖို့ GPS (Geopraphical Positioning System) စက်များ တပ်ဆင်ထားတဲ့ တိုင်းတာရေးကွန်ရက်စနစ် ဖြစ်ပါတယ်။ စုစည်း GPS ကွန်ရက် (Integrated GPS Network) လို့ ခေါ်ပါတယ်။

ဒီနည်းနဲ့ မြေငလျင်တခုမလှုပ်မီ မြေလွှာကြီးများရဲ့ ပုံပျက်လာမှု (Deformation) ကို အကဲခတ် စောင့်ကြည့်ခြင်းအားဖြင့် ရွေ့လျားမှု (Movement) နဲ့ တင်းအားများ စုစည်းလာမှု (stress accumulation) တို့ကို တွက်ချက်ကြည့်ကာ မြေငလျင်ကို ကြိုတင်ခန့်မှန်းခြင်းပဲ ဖြစ်ပါတယ်။ ဒီနည်းဟာလည်း အောင်မြင်ဖို့ အာမခံချက်ရှိနိုင်တဲ့ သိပ္ပံနည်းကျနည်းလမ်း ဖြစ်ပေမယ့် စမ်းသပ် ဆောင်ရွက်ဆဲသာ ဖြစ်ပြီး မကျယ်ပြန့်သေးတဲ့အပြင် သုတေသနတွေ တတ်ကျွမ်းပညာရှင်တွေ အများကြီး လိုအပ်နေပါသေးတယ်။ မြန်မာနိုင်ငံမှာ ဒီစနစ် ထူထောင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

တတိယနည်းလမ်းဖြစ်တဲ့ Seismic Gap Theory ကတော့ မြေငလျင်ကြောကြီးတွေရဲ့ မြေငလျင် လှုပ်ရှားမှုပုံစံ အနေအထားတွေကို အထူးသုတေသနပြု လေ့လာတဲ့အခါ မြေငလျင်ကြောကြီးပေါ်မှာ ရှိနေပြီး မြေငလျင် လှုပ်ရှားမှုမရှိတဲ့ နေရာတွေ ရှိတတ်ပါတယ်။ အဲဒါကို Seismic Gap လို့ ခေါ်ပါတယ်။ မြေငလျင်ကြောကြီးပေါ်မှာ မြေငလျင်လှုပ်ရှားမှုတွေဟာ ပုံမှန်သမားရိုးကျ သွားနေသမျှ ဒီနေရာတွေမှာ မြေငလျင် မလှုပ်ကြပါဘူး။ အဲ… ဒါပေမယ့် မြေငလျင်ကြောကြီးပေါ်မှာ ထူးခြားတဲ့ သမားရိုးကျ မဟုတ်တဲ့ အပြောင်းအလဲတခု ဖြစ်လာပြီဆိုတာနဲ့ အဲဒီ Seismic Gap နေရာတွေဟာ မြေငလျင်ကြီးတွေ လှုပ်တဲ့နေရာတွေ ဖြစ်လာတတ်ပါတယ်။ နီပေါနိုင်ငံမှာဆိုရင် အဲဒီ.. Gap နေရာတွေဟာ ငလျင်ကြီးတွေ လှုပ်တဲ့ နေရာတွေချည်းပါပဲ။ မြန်မာနိုင်ငံမှာတော့ ရခိုင်မြေငလျင်ကြောနဲ့ စစ်ကိုင်းမြေငလျင်ကြောတွေပေါ်မှာ မြေငလျင် မလှုပ်တဲ့ Seismic Gap တခု မြန်မာနိုင်ငံအနီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ရှိနေပါတယ်။

စတုတ္ထနည်းဖြစ်တဲ့ နိမိတ်ပုံပြနည်းကတော့ လူအများ စိတ်ဝင်စားကြတဲ့နည်း ဖြစ်ပါတယ်။ အကြမ်းအားဖြင့်တော့ မြေငလျင်တခု လှုပ်တော့မယ်ဆိုရင် (၁) မြေငလျင်ကြောတလျှောက်မှာ ဘူမိဆိုင်ရာ အနေအထားတွေ အပြောင်းအလဲ ဖြစ်သွားတတ်ကြပါတယ်။ ဥပမာအနေနဲ့ မြေငလျင်တွားသွားနှုန်း (seismic creep) တိုးလာတတ်တာနဲ့ မြေငလျင်ကြောတလျှောက် မြေသားတွေ တဖြည်းဖြည်း ရွေ့လျားမှု တိုးလာတတ်တာတို့ ဖြစ်ပါတယ်။ ဒါကို GPS Network တွေက တွေ့နိုင်ပါတယ်။ (၂) မြေငလျင်ကြောတလျှောက်မှာ မြေငလျင်လှုပ်တော့မယ်ဆိုရင် နောက်ထပ် ဖြစ်လာတတ်တာ တခုကတော့ မြေလွှာရဲ့ စောက်ဟာ ပိုမိုတိမ်းစောင်းလာတတ်ခြင်းပါပဲ။ ဒါကိုလည်း မြေငလျင် လှုပ်တော့မယ်ဆိုရင် ကြိုတွေ့ရတတ်ပါတယ်။ (၃) ရေတွင်းတွေရဲ့အတွင်းမှာ ရှိနေကြတဲ့ ရေမျက်နှာပြင်တွေဟာ ငလျင်လှုပ်တော့မယ်ဆိုရင် ရုတ်တရက် ရေအမြင့်တွေ ပြောင်းလဲသွားတတ်တာကိုလည်း တရုတ်နိုင်ငံက အစဉ်အလာ ရိုးရာအသိအပေါ်မှာ ထပ်မံသုတေသနပြုလို့ အသေအချာ တွေ့ထားခဲ့ကြပါတယ်။ (၄) နောက်တခုကတော့ ကျနော် ခဏ ခဏ ပြောပြောနေတဲ့ အချက်ပါပဲ။ ကြိမ်နှုန်းနဲ့ ပြင်းအား ပြောင်းပြန် ဆက်စပ်နေတယ် ဆိုတာလေ။ Inversely Proportional ဆိုပါတော့ဗျာ။

ငလျင်ကြီးတခု လှုပ်တော့မယ်ဆိုရင် အသေးစား ငလျင်ငယ်လေးတွေနဲ့ ကြိုတင်ငလျင်ငယ်လေးတွေ (micro quakes and foreshocks) လှုပ်ရှားမှုတွေ လျော့နည်းသွားတတ်ပါတယ်။ ဒါဆို… ငလျင်ကြီးတခုတော့ လှုပ်တော့မယ် ဆိုတာကို မြေငလျင်ပညာရှင်များက မှန်းဆကြပါတယ်။ (၅) နောက်တချက်က… ဒါကလည်း တရုတ်ပြည်နဲ့ အနောက်နိုင်ငံများကပဲ ထုတ်ပြန်ခဲ့တာပါ။

မြေငလျင်ကြီးတွေ မလှုပ်မီ အထက်ကောင်းကင်ယံမှာ လျှပ်စီးလက်သလို အလင်းရောင်တန်းတွေ ပေါ်လာတတ်ကြပါတယ်တဲ့။ တိမ်မရှိဘဲကို ပေါ်လာတတ်ကြတာပါ။

(၆) နောက်တခုကတော့ မြေငလျင်ကြီးတခု လှုပ်တော့မယ်ဆိုရင် အထက်ကောင်းကင်ယံမှာ ရှိနေတဲ့ တိမ်တွေဟာ ပုံမှန်လို ပြန့်ကျဲမနေတော့ဘဲ တစုတစည်းတည်းနဲ့ မြေငလျင်ကြောအလိုက် အတန်းလိုက် ဖြစ်လာတတ်ကြပါတယ်တဲ့။

(၇) နောက်ဆုံးကတော့ မြေငလျင်လှုပ်တော့မယ်ဆိုရင် တိရစ္ဆာန်တွေက ကြိုသိနေကြသလိုပဲ အပြုအမူတွေ ပြောင်းလဲသွားတတ်ကြပါသတဲ့။ ဥပမာအနေနဲ့ မြေငလျင်လှုပ်တော့မယ်ဆိုရင် ဆောင်းခိုငှက်လို သတ္တဝါတွေဟာ အသိုက်ပြောင်းသွားတတ်ကြပါတယ်။

ဒီလိုအချိန်မျိုးဆိုရင် တိရစ္ဆာန်တွေဟာ ခြံတွေထဲကို သွင်းလို့မရတော့ဘဲ ထူးဆန်းစွာ ရုန်းကန်နေတတ်ကြပါတယ်တဲ့။ နောက်ပြီး တိရစ္ဆာန်တွေဟာ မြေငလျင်ကြီးတွေ လှုပ်တော့မယ်ဆိုရင် မြေမြင့်ရာ ကုန်းမြင့်အရပ်ကို ရှာဖွေပြီး ပြောင်းရွှေ့ ခိုအောင်းတတ်ကြပါတယ်။ အထူးသဖြင့် ငှက်တွေဟာ မြေငလျင်လှုပ်တော့မယ့် နေရာဒေသကို ကြိုတင်စွန့်ခွာသွားလေ့ရှိပါတယ်။ ရေနက်အောင်းငါးတွေဟာလည်း မြေငလျင်လှုပ်တော့မယ်ဆိုရင် ရေမျက်နှာပြင် အပေါ်လွှာကို ပြောင်းရွှေ့လာတတ်ကြပါတယ်။

တိရစ္ဆာန်တွေရဲ့ အပြုအမူ ပြောင်းလဲမှုကို အသုံးပြုပြီး မြေငလျင် ခန့်မှန်းတဲ့ နည်းပညာကို တရုတ်နိုင်ငံက အများဆုံး လေ့လာခဲ့တာဖြစ်ပြီး ဒီနည်းနဲ့ ၁၉၇၅ ခုနှစ်တုန်းက မြေငလျင်လှုပ်တော့မယ် ဆိုတာကို ၃ လ ကြိုတင်ပြီး ခန့်မှန်းပေးနိုင်ခဲ့ပါတယ်။

ရေတွင်းတွေရဲ့ အနက်ပိုင်းမှာ ရှိနေကြတဲ့ ရေမျက်နှာပြင်တွေဟာလည်း ဘူမိမြေသား အလွှာတွေရဲ့ အကျိုးသက်ရောက်မှု ရှိနေတာဖြစ်လို့ မြေအောက်ရေမျက်နှာပြင် အပြောင်းအလဲကို စောင့်ကြပ်ကြည့်ရှုပြီး မြေငလျင် ခန့်မှန်းခြင်းဟာ သိပ္ပံနည်းကျတဲ့နည်းပဲ ဖြစ်ပါတယ်။

သိတယ်မဟုတ်လား။ ကနေ့ခေတ်ကြီးက အာကာသနည်းပညာခေတ်လေ။ အာကာသမှာ လွှတ်တင်ထားတဲ့ ဘူမိဂြိုဟ်တုတွေရဲ့ အပူအာရုံခံစနစ်တွေ၊ လျှပ်စစ်သံလိုက်လှိုင်း အာရုံခံစနစ်တွေနဲ့ မြေငလျင်လှုပ်တော့မယ့် နေရာတခုမှာ ပြောင်းလဲလာတဲ့ အပူဖြာထွက်မှုတွေနဲ့ လျှပ်စစ်သံလိုက်လှိုင်း ဖြာထွက်မှုတွေကို တိုင်းတာလေ့လာခြင်းနဲ့လည်း မြေငလျင် လှုပ်တော့မှာကို ကြိုတင်ခန့်မှန်းတဲ့နည်းကတော့ နောက်ဆုံးပေါ် ခေတ်အစားဆုံး နည်းပညာ ဖြစ်နေပါတယ်။

ဒါပေမယ့် မြေသားဘူမိ အချက်အလက် အပြောင်းအလဲတွေကို မပြတ် လေ့လာ ခန့်မှန်းနည်းဟာ နေရာတကာမှာ လွှဲပြောင်းမသုံးနိုင်ဘဲ သီးသန့်ဆန်လွန်းနေတာဟာ ပြဿနာ ဖြစ်ပါတယ်။

ဥပမာ- အင်ဒိုနီးရှားမှာ မြေသားဘူမိ အချက်အလက်တွေ အမြောက်အမြား တိုင်းတာထားပေမယ့် မြန်မာနိုင်ငံအတွက် မသုံးနိုင်ပါဘူး။ နည်းပညာကိုတော့ ကူးပြောင်းနိုင်ပေမယ့် အချက်အလက်က ကိုယ့်ဒေသ အချက်အလက်ဖြစ်မှ ကိုယ့်ဒေသရဲ့ မြေသားအလွှာအကြောင်း သိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင် GPS Network ထူထောင်ဖို့လိုတယ်။ အာကာသနည်းပညာသုံးဖို့ဆိုရင် နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပိုမိုပူးပေါင်းဖို့၊ နည်းပညာတွေ ရှာဖွေဖို့၊ သွေးသစ်တွေလောင်းဖို့ အများကြီး လိုပါလိမ့်မယ်။ အားလုံးခြုံရရင်တော့ မြေငလျင်ကြောကြီးတွေ ရှိနေတဲ့ ကျနော်တို့နိုင်ငံမှာ မြေငလျင်ပညာရပ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သက်ဆိုင်တဲ့ အစိုးရဌာနတွေ၊ နည်းပညာဌာနတွေ၊ UN, INGO, NGO တွေ၊ ပုဂ္ဂလိကလုပ်ငန်းရှင်တွေ အားလုံး ညီညီညာ ဆွေးနွေးညှိနှိုင်းကြပြီး ကြိုးပမ်းဆောင်ရွက်ဖို့တော့ အမှန်လိုအပ်နေကြောင်းပါဗျာ။

မောင်ထွန်းလွင်(မိုးလေဝသ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013