DVB Logo
Home
မြန်မာသတင်း
တနိုင်းဒေသတိုက်ပွဲများကြောင့် ပိတ်မိနေသည့် အမျိုးသမီးနှင့်ကလေးအချို့လွတ်မြောက်
DVB
·
January 30, 2018
တနိုင်းဒေသတိုက်ပွဲများကြောင့် ပိတ်မိနေသည့် အမျိုးသမီးနှင့်ကလေးအချို့လွတ်မြောက်
Donate to DVB

 

ကချင်ပြည်နယ်၊ တနိုင်းဒေသက တပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်နေတဲ့ နေရာဝန်းကျင်တွေမှာ အရပ်သားတွေ ထောင်ချီပိတ်မိနေပြီး အမျိုးသမီးနဲ့ ကလေးတချို့ကတော့ လွတ်မြောက်လာပြီလို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ရွှေနဲ့ ပယင်းမှော်တွေမှာ ဒီလဆန်းကတည်းက တိုက်ပွဲတွေဖြစ်နေပြီး မှော်မှာ နေထိုင်လုပ်ကိုင်သူတွေ တိုက်ပွဲကြား ပိတ်မိနေတာပါ။

ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဆရာနော်တောင်က “မနေ့က စထွက်လာကြတယ်။ ဒီနေ့မနက်အထိဆိုရင် ၃၀ ဝန်းကျင်လောက်ပဲ ရောက်ဦးမယ်။ လမ်းမှာလည်း လာနေတာတော့ ရှိဦးမယ်။ စက်လှေက နည်းနေလို့လေ။ အားလုံးပေါင်းမှ ၁၀ စီးလောက်ပဲ ရှိမယ်” လို့ ပြောပါတယ်။

မှော်တွေမှာ နေထိုင်လုပ်ကိုင်တဲ့ အရပ်သား ၃၀၀၀ လောက်ဟာ နမ့်ကွမ်းမှော်နဲ့ ဝန်းကျင်မှာ ရှိနေကြပြီး အမျိုးသမီးနဲ့ ကလေးတွေကိုပဲ စစ်တပ်က စိစစ် ပြန်ပို့ပေးနေတာလို့ ပြန်ရောက်လာ သူတွေက ပြောပါတယ်။

“နာမည်၊ မှတ်ပုံတင်တွေ စစ်ပြီး နမ့်ကွမ်းချောင်း ပေါက်ဝကနေ သဝန်ချောင်းကုတို့ဆိပ်ကို စက်လှေနဲ့ ပြန်ပို့တာ။ အခုက ချောင်းရေတိမ်နေတော့ တရက်ကို တခေါက်ပဲ သွားလို့ရမယ်” လို့ ပြန်ရောက်လာသူ တယောက်က ပြောပါတယ်။

ဆရာနော်တောင်က “ကူးတို့ဆိပ်ကတဆင့် တနိုင်းမြို့ပြင်က လမုန်ရွာကို ကားတွေနဲ့ခေါ်လာပြီး ခဏထားမယ်။ လူစုလူဝေး မဖြစ်အောင်လို့ အဝေးက လူတွေကို ကားတွေစီစဉ်ပြီး ပြန်ပို့မယ်လို့ အုပ်ချုပ်ရေးပိုင်းက ကျနော့်ကို ပြောထားတယ်။ အစီအစဉ်ကတော့ ခဏ ခဏ ပြောင်းနေတာပဲ” လို့ ပြောပါတယ်။

ပိတ်မိနေသူတွေကို တပ်မတော်နဲ့ အုပ်ချုပ်ရေးပိုင်းက တာဝန်ယူပြောင်းရွှေ့ပေးမယ် ပြောထားပြီး အရပ်ဘက်အဖွဲ့အစည်းတွေကိုတော့ ဝင်ခွင့်ပေးမထားပါဘူး။

အဲဒီဒေသကို တိုက်လေယာဉ်တွေနဲ့လည်း လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောကြပြီး စာရင်းရသလောက် လူ ၂ ယောက်သေဆုံး၊ ၅ ယောက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

တနိုင်းမှာရှိတဲ့ ကေအိုင်အေ စခန်းတချို့ သိမ်းပိုက်ရရှိတယ်လို့ ဇန်နဝါရီ ၂၈ ရက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013