DVB Logo
Home
Lead Story
ရိုးမ သစ်တောပြုန်းတီးမှုကို ဘယ်လိုကာကွယ်ကြမလဲ
DVB
·
January 30, 2018
ရိုးမ သစ်တောပြုန်းတီးမှုကို ဘယ်လိုကာကွယ်ကြမလဲ
Donate to DVB

ကမ္ဘာပ်ါမှာ သစ်တောပြန်းတီးမှု အများဆုံးနိုင်ငံက ဘရာဇီးနိုင်ငံ ဖြစ်ပြီးတော့ ဒုတိယ အများဆုံးကတော့ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ တတိယအဆင့်မှာ ရှိနေတာပါ။

သဘာဝသယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၁၉၉၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ သစ်တောဖုံးလွှမ်းမှု ဧရိယာ  ၅၈ ရာခိုင်နှုန်း ရှိခဲ့ရာကနေ  ၂၀၁၀ မှာတော့ ၄၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။

ဒါထက်ပိုပြီး ၂၀၁၀ နဲ့ ၂၀၁၅ ကြားကာလမှာ သစ်တောပြုန်းတီးမှု သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ဒီကာလအတွင်း တနှစ် ပျမ်းမျှဆုံးရှုံးမှုက ၅၄၆၀၀၀ ဟက်တာလောက် ရှိနေတဲ့အတွက် အခုအချိန်မှာတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့ သစ်တောပြုန်းတီးမှု တတိယအများဆုံးနိုင်ငံ ဖြစ်လာပါပြီ။

သစ်အမည်စုံပေါက်တဲ့ မြန်မာ

မြန်မာနိုင်ငံဟာ သစ်အမည်စုံ ပေါက်ရောက်တဲ့နိုင်ငံလို့ ပြောရမှာပါ။ အမြဲစိမ်းတောတွေ ရှိသလို တောင်ပေါ် သမပိုင်း အမြဲစိမ်းတော ၂၅ ရာခိုင်နှုန်း၊ မုတ်သုံ အမြဲစိမ်းတောက ၁၆ ရာခိုင်နှုန်း၊ ခြောက်သွေ့တောက ၁၀ ရာခိုင်နှုန်းဝန်းကျင်လောက် ရှိခဲ့ပါတယ်။ သစ်တောပြုန်းတီးလာရတဲ့ အကြောင်းရင်းတွေထဲမှာ လူဦးရေ တိုးပွားလာမှု၊ စိုက်ပျိုးမြေ တိုးချဲ့လာမှုတွေ ပါဝင်ပေမယ့် အဓိက အကြောင်းရင်းကတော့ တရားမဝင် မှောင်ခိုထုတ်လုပ်မှုတွေကြောင့် ဖြစ်ပါတယ်။ ဒီလို တရားမဝင် ခိုးထုတ်မှု မြင့်တက်လာတာဟာ အိမ်နီးချင်းနိုင်ငံအချို့ရဲ့ သစ်တောထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ တင်းကျပ်တဲ့ ပေါ်လစီတွေကြောင့်လည်း ပါပါတယ်။

ဥပမာ- တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာ သစ်တပင်ခုတ်ရင် သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။ ဒါတွေရဲ့ အကျိုးဆက်အနေနဲ့ မြန်မာနိုင်ငံဘက်မှာ နယ်စပ်ဖြတ်ကျော် သစ်ခိုးထုတ်မှုဟာ မြင့်တက်လာခဲ့ပါတယ်။ အထူးသဖြင့် တရုတ်-မြန်မာ နယ်စပ်တလျှောက် ဖြစ်ပါတယ်။

၂၀၁၅ မှာ တရုတ်နိုင်ငံသား ၁၅၅ ဦး၊ တရားမဝင် သစ်ခိုးထုတ်မှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်မှာ အဖမ်းခံခဲ့ရတဲ့ အမှုကို ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ နယ်စပ်တလျှောက် တိုက်ပွဲတွေဖြစ်နေတာ၊ တရားဥပဒေစိုးမိုးမှု မရှိတာနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် သစ်မှောင်ခို ခိုးထုတ်တာတွေလည်း မြင့်တက်နေပါတယ်။ နိုင်ငံတော်အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာတော့  မြန်မာ့သစ်လုပ်ငန်းမှာရှိတဲ့ ဝန်ထမ်း ၇၀၀ ကျော်ဟာ သစ်မှောင်ခိုခိုးထုတ်မှုနှင့် ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။

သစ်အလွန်အကျွံ ထုတ်ယူမှုများ

အလားတူပဲ မြန်မာနိုင်ငံရဲ့ အဓိကကျွန်းသစ်တွေ ပေါက်ရောက်ရာဒေသဖြစ်တဲ့ ပဲခူးရိုးမဒေသမှာ ဆိုရင်လည်း အလွန်အကျွံ သစ်ထုတ်ယူမှုတွေကြောင့် သစ်တောပြုန်းတီးမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

မြန်မာ့သစ်လုပ်ငန်းကတော့ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှ စပြီး သစ်ထုတ်လုပ်မှု ၁၀ နှစ်ကြာ ရပ်နားထားတယ်လို့ ပြောကြားထားတာ ရှိပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်တလျှောက်လုံး သစ်ထုတ်လုပ်သူ အများအပြားက တရားဝင် သတ်မှတ်ထားတဲ့ ပမာနထက် ကျော်လွန်ထုတ်ယူခဲ့ကြတာပါ။

မြန်မာနိုင်ငံတဝန်းလုံးမှာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်  ဧပြီလကနေ ဇွန်လနှောင်းပိုင်းအထိ တရားမဝင် သစ် ၁၂၈၄၄ တန် ဖမ်းဆီးရမိခဲ့တယ်လို့ သယံဇာတနဲ့  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာရဲ့ ကိန်းဂဏန်းတွေ အရ သိရပါတယ်။

အများဆုံးဖမ်းမိတာကတော့ ကျွန်းသစ်နှင့် အခြားသစ်မာတွေဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း ဖမ်းဆီးရရှိမှု အမြင့်ဆုံး ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းမှာ တရားမဝင်သစ် ၃၄၅၀ တန်နီးပါး၊ ကယားပြည်နယ်မှာ ၂၁၇၈ တန်ကျော်နှင့် ပဲခူးတိုင်းမှာ ၁၄၀၆ တန် အများဆုံး ဖမ်းမိထားခဲ့တယ်လို့ သိရပါတယ်။

ခိုးထုတ်မှုတွေကြောင့် မြင့်တက်လာတဲ့ သစ်တောပြုန်းတီးမှု

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်နေ့က ထုတ်ပြန်တဲ့ EIA (The Environmental Investigation Agency) ရဲ့ ထုတ်ပြန်ချက်အရဆိုရင် ၂၀၀၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း မြန်မာ့ ပြည်ပသစ်တင်ပို့မှုရဲ့ ၂၈ ရာခိုင်နှုန်းလောက်သာ တရားဝင် တင်ပို့ခဲ့တာ ဖြစ်ပြီး ၇၂ ရာခိုင်နှုန်းဟာ တရားမဝင်လမ်းကြောင်းက သွားနေတဲ့အကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနကို ကိုးကားပြီး ဖော်ပြထားပါတယ်။

EIA ရဲ့ ထုတ်ပြန်ချက်အရ ၂၀၀၁ ကနေ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ တရားမဝင် တင်ပို့ခဲ့တဲ့ သစ်တန်ချိန် ကုဗမီတာ ၁၆ ဒသမ ၃ သန်း ရှိနေပြီးတော့ ဒီလို တရားမဝင် တင်ပို့ခဲ့တဲ့ သစ်တွေရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါးလောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။

အထူးသဖြင့် မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား အပစ်အခတ် ပြန်လည်စတင်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက် သစ်ခိုးထုတ်မှုတွေ မြင့်တက်ခဲ့ပါတယ်။

အခြားနည်းလမ်းများကြောင့် သစ်တောပြုန်းတီးမှု

သစ်ခိုးထုတ်မှုတွေအပြင် သစ်တောမြေကို အခြား အသုံးချမှုအတွက် ပြောင်းလဲတဲ့ လုပ်ငန်းတွေကြောင့်လည်း သစ်တောပြုန်းတီးလာတာ ရှိပါတယ်။ ဒီအပိုင်းမှာတော့ သုံးပိုင်းလောက် ရှိနေပါတယ်။ တပိုင်းကတော့ စီးပွားရေးလုပ်ငန်းအဖြစ် အသွင်ပြောင်းတာတာပါ။

ဥပမာ- ရော်ဘာစိုက်ခင်း၊ ဆီအုန်းစိုက်ခင်း၊ ပီလောပီနံစိုက်ခင်း၊ ကြံစိုက်ခင်းတွေအဖြစ် ပြောင်းလဲမှုတွေပါ။ နောက်တခုကတော့ လူနေအိမ်ခြေတွေ တိုးချဲ့ ဆောက်လုပ်လာတာနဲ့ ဒေသခံတွေ စားဝတ်နေရေးအတွက် ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးရေးလုပ်ရတာတွေ ဖြစ်ပါတယ်။ နောက်ဆုံးတခုကတော့ သတ္တုတွင်းလုပ်ငန်းတွေ၊ ဆည်ဆောက်တာတွေကြောင့်လို့ ပြောရမှာပါ။

စီးပွားရေးအပေါ် ရိုက်ခတ်မှု

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ သစ်တောပြုန်းတီးမှုတွေကြောင့် သစ်အလုံးလိုက် ပြည်ပတင်ပို့မှုကို ၂၀၁၄ ဧပြီလ ၁ ရက်နေ့မှစကာ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ပိတ်ပင်လိုက်ပါတယ်။ ပြည်ပကို တင်ပို့မယ်ဆိုရင်တော့  ခွဲခြမ်းတွေသာ တင်ပို့ခွင့်ပြုခဲ့ပါတယ်။ လက်ရှိ အန်အယ်လ်ဒီအစိုးရ လက်ထက်မှာလည်း ဒီပေါ်လစီကိုပဲ စွဲကိုင်ဆဲပါပဲ။ အခုလို ပိတ်ပင်ထားပေမယ့်လည်း သစ်တောပြုန်းတီးမှုတွေဟာ ရပ်တန့်မသွားပါဘူး။

ဒီလို သစ်တောပြုန်းတီးနေတာက မြန်မာပြည်ရဲ့ ရာသီဥတု ဂေဟစနစ်တွေ သာမက ငွေရေးကြေးရေးအားဖြင့်လည်း ဆုံးရှုံးမှုရှိပါတယ်။ ဥပမာ- နိုင်ငံခြားတင်ပို့နိုင်မှု အားနည်းသွားတဲ့အတွက် နိုင်ငံခြားဝင်ငွေ ရရှိမှု နည်းသွားပါတယ်။

သစ်တောပြုန်းတီးတဲ့အတွက် သစ်တောကို မှီခိုစားသောက်ရတဲ့ လူတွေရဲ့ လူမှုဘဝကို ထိခိုက်နိုင်သလို သဘာဝဘေးအန္တရာယ်တွေလည်း ဖြစ်ပွားမှု မြင့်တက်လာနိုင်ပါတယ်။ သစ်တောတွေ ပြုန်းတီးသွားတဲ့အတွက် ရေကြီးရေလျှံ ဖြစ်တာတွေ၊ ပိုပြီးတော့ ပူပြင်းခြောက်သွေ့တာတွေလည်း ဖြစ်နေပါတယ်။

ရေကြီးရေလျှံမှုတွေကြောင့် စိုက်ပျိုးရေးမှာ ဆုံးရှုံးမှုတွေလည်း မြင့်တက်လာပါတယ်။ ဒါကြောင့်မို့လို့ မြင်သာသော ဆုံးရှုံးမှုနဲ့ မမြင်သာသော ဆုံးရှုံးမှုတွေ ပေါင်းမယ်ဆိုရင် နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုဘဝတွေကို တော်တော်လေးကို ရိုက်ခတ်မှု ရှိနိုင်တယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။

ယမင်းမြတ်အေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013