DVB Logo
Home
မြန်မာသတင်း
မြောက်ဦး ပစ်ခတ်မှု စုံစမ်းစစ်ဆေးရန် ၉ ဦးပါ ကော်မတီကို ပြည်နယ်လွှတ်တော် အတည်ပြု
DVB
·
January 30, 2018
မြောက်ဦး ပစ်ခတ်မှု စုံစမ်းစစ်ဆေးရန် ၉ ဦးပါ ကော်မတီကို ပြည်နယ်လွှတ်တော် အတည်ပြု
Donate to DVB

မြောက်ဦးမြို့မှာ ရဲတပ်ဖွဲ့က ဆန္ဒပြလူထုကို ပစ်ခတ်တဲ့ကိစ္စအပေါ် စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းထားတဲ့ မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မတီကို ရခိုင်ပြည်နယ် လွှတ်တော်က ဇန်န၀ါရီ ၂၉ ရက်နေ့မှာ အရေးပေါ်အစည်းအဝေး ကျင်းပ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုခဲ့ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ကော်မတီ ဖွဲ့စည်း တာဝန်ပေးအပ်ကြောင်းနဲ့ အဲဒီကော်မတီကို လွှတ်တော်က အတည်ပြုဖို့ လွှတ်တော်ရဲ့ သဘောထားဆန္ဒကို လွှတ်တော်ဥက္ကဋ္ဌက တောင်းခံတဲ့အခါ မတ်တတ်ရပ် မဲခွဲခဲ့ပြီး ထောက်ခံသူ ၂၀ ဦး၊ ကန့်ကွက်သူ ၁၆ ဦးနဲ့ ကြားနေသူ ၄ ဦးရှိခဲ့လို့ လွှတ်တော်ဥက္ကဋ္ဌက မြောက်ဦးမြို့ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးကော်မတီကို အတည်ပြုတယ်လို့ ကြေညာခဲ့ပါတယ်။

အဖွဲ့မှာ မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမှာဖြစ်ပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးနဲ့ ပြည်နယ် လွှတ်တော်ဥပဒေနှင့် အခြားကိစ္စရပ်များဆိုင်ရာ အကြံပေးအဖွဲ့က အဖွဲ့ဝင် ၂ ဦး စုစုပေါင်း အဖွဲ့ဝင် ၉ ဦး ပါဝင်ပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မတီက ဇန်နဝါရီ ၁၆ ရက်နေ့ မြောက်ဦးမြို့ ဖြစ်စဉ် ဖြစ်ပွားရတဲ့ အခြေခံအကြောင်းရင်းကို လေ့လာရမှာဖြစ်သလို ဖြစ်စဉ်မှာပါဝင်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဌာနဆိုင်ရာတွေရဲ့ ဖြေရှင်းဆောင်ရွက်ပုံတွေဟာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်တွေနဲ့ ညီ၊ မညီကို စုံစမ်းပေးရမှာ ဖြစ်တယ်လို့ ကော်မတီအတွင်းရေးမှူး မြောက်ဦးမဲဆန္ဒနယ်အမှတ်-၁ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

ဒါပေမယ့် ဘယ်ကာလမှာ အပြီးဆောင်ရွက်ရမယ် ဆိုတာတော့ သတ်မှတ်ပေးထားတာ မရှိသေးပါဘူး။

စုံစမ်းရေးကော်မတီ အတွင်းရေးမှူး ဦးထွန်းသာစိန်က "ဘယ်ကာလမှာ အပြီးဆောင်ရွက်ရမယ် ဆိုတာ အခုလွှတ်တော်မှာတော့ အချိန်အတိအကျ မပေးသေးပါဘူး။ နောက် အမိန့်ထုတ်ပြန်ပါလိမ့်မယ်။ ကျနော်တို့ လွှတ်တော်မှာ တခြားလုပ်ငန်းကိစ္စတွေလည်း လုပ်ဖို့ရှိနေသေးတော့ ဖေဖော်ဝါရီလ ၃ ရက်လောက်မှ စပြီး ကွင်းဆင်းဆောင်ရွက်နိုင်ပါလိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြောက်ဦးမြို့ နန်းရာကုန်းမှာ ကျင်းပခဲ့တဲ့ ရခိုင့်ဘုရင်အချုပ်အခြာ ကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပခွင့် ပိတ်ပင်ခဲ့တဲ့အတွက် ဆန္ဒပြမှုတွေနဲ့ ခရိုင် အုပ်ချုပ်ရေးမှူးရုံးကို ဝိုင်းဝန်းဆန္ဒပြတဲ့အတွက် ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းခဲ့ရပြီး ၁၂ ဦး သေဆုံး၊ ၂၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒဏ်ရာရ ဆန္ဒပြသူတွေကိုလည်း ဖမ်းဆီး အရေးယူထားပြီး အစိုးရကတော့ အဲဒီ နှိမ်နင်းမှုမှာ ဥပဒေအတိုင်း အဆင့်ဆင့် ဆောင်ရွက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း - ကိုအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013