
မြောက်ဦးမြို့မှာ အရပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်မှာ နှစ်ဖက်လုံးမှာ ဥပဒေချိုးဖောက်တာတွေ ရှိနိုင်တယ်လို့ မြောက်ဦးစုံစမ်းရေးကော်မရှင် အတွင်းရေးမှူးက ပြောပါတယ်။
အရပ်သား ၇ ယောက်သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို စုံစမ်းအစီရင်ခံဖို့ ရခိုင်ပြည်နယ် လွှတ်တော်က မြောက်ဦးဖြစ်ရပ်စုံစမ်းစစ်ဆေးရေးကော်မရှင် ဒီနေ့ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်တာပါ။
မြောက်ဦးမဲဆန္ဒနယ် ၁ ရဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ကော်မရှင်အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးထွန်းသာစိန်က “ကျနော်တို့ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်ကတော့ ဒီဖြစ်ရပ်မှာ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ဥပဒေကို ဖောက်ဖျက်တာက နှစ်ဖက်လုံးမှာ ရှိနိုင်တယ်။ ရဲတပ်ဖွဲ့ဘက်မှာလည်း ရှိနိုင်တယ်။ လာပြီး ဆန္ဒပြသူတွေဘက်မှာလည်း ရှိနိုင်တယ်။ ဥပဒေလမ်းကြောင်းကို စုံစမ်းမှာပါ” လို့ ပြောပါတယ်။
ဒီကော်မရှင်ကို ပြည်နယ်လွှတ်တော်ဆိုင်ရာ အကြံပေးကော်မတီဝင် ၃ ယောက် အပါအဝင် ရခိုင်အမျိုးသားပါတီ၊ အန်အယ်လ်ဒီနဲ့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေဖွဲ့စည်းထားပြီး ၉ ယောက် ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ဇန်န၀ါရီ ၂၅ ရက်နေ့က ကော်မရှင်ကို ဖွဲ့ခဲ့ပြီး ဒီနေ့ ပြည်နယ်လွှတ်တော်အရေးပေါ် အစည်းအဝေးမှာ တပ်မတော်သား ကိုယ်စားလှယ်တယောက်က ကန့်ကွက်လို့ မဲခွဲခဲ့ရာမှာ ထောက်ခံသူ ၂၀၊ ကန့်ကွက်သူ ၁၆ ယောက်နဲ့ ကြားနေ ၄ ယောက်ရှိခဲ့ပါတယ်။
ဒီဖြစ်ရပ်ကို စုံစမ်းဖို့ ပြည်ထောင်စု အစိုးရအဖွဲ့ကလည်း စုံစမ်းရေးကော်မရှင်တရပ်စေလွှတ်ထားပြီး အခုအချိန်ထိတော့ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်လာတာတော့ မရှိသေးဘူးလို့ ဦးထွန်းသာစိန်ကပြောပါတယ်။
ပြည်နယ်လွှတ်တော်ကော်မရှင် အနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၃ ရက်နေ့လောက် လုပ်ငန်းတွေစဖို့ ရှိနေပြီး လွှတ်တော်ကို အစီရင်ခံစာ ပြန်တင်ရမှာလည်း ဖြစ်ပါတယ်။
ဇန်နဝါရီ ၁၆ ရက် ညက မြောက်ဦးမြို့နယ်၊ နန်းတော်ရာကုန်းမှာလုပ်မယ့် ၂၃၃ နှစ်မြောက် ရက္ခိုင် ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျရှုံးခြင်း ဟောပြောပွဲကို ခွင့်မပြုတာကြောင့် ထောင်နဲ့ချီတဲ့ လူအုပ်စုနဲ့ ရဲတပ်ဖွဲ့တို့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့က ပစ်ခတ်လူစုခွဲခဲ့တာကြောင့် အရပ်သား ၇ ယောက် သေဆုံး၊ ၁၂ ယောက် ဒဏ်ရာရသလို လူစုလူဝေးရဲ့ တိုက်ခိုက်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ လည်း ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
ဒါ့ပြင်ဖြစ်စဉ်မှာ ပါဝင်သူတွေ၊ ဦးဆောင်သူတွေကို နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲဆိုသွားမယ် လို့လည်း ပြည်နယ်အစိုးရက ပြောဆိုထားပါတယ်။











