DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ဆိုင်ရာ ပဏာမအကြံပြုချက်များ လပိုင်းအတွင်း ထုတ်ပြန်ပေးမည်
DVB
·
January 29, 2018
ရခိုင်ပြည်နယ်ဆိုင်ရာ ပဏာမအကြံပြုချက်များ လပိုင်းအတွင်း ထုတ်ပြန်ပေးမည်
Donate to DVB

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့အနေနဲ့ လာမယ့် နှစ်လ၊ သုံးလအတွင်း ပဏာမအကြံပြုချက်တွေ ထုတ်ပြန်ပေးနိုင်လိမ့်မယ်လို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဆူရာကီရတ်ဆတ်သီရာထိုင်း က ပြောပါတယ်။

ဇန်န၀ါရီ ၂၅ ရက်က ဒေါက်တာ ဆူရာကီရတ်ဆတ်သီရာထိုင်းနဲ့ သတင်းမီဒီယာတွေ တွေ့ဆုံတုန်းပြောခဲ့တာဖြစ်ပြီး သူတို့အဖွဲ့အနေနဲ့  ဦးစားပေးဆောင်ရွက်ရမယ့်လုပ်ငန်းတွေ၊ လက်ရှိ လုပ်ငန်းစီမံကိန်းတွေ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်သင့်လုပ်ထိုက်တာ တွေကို အကြံပြုသွားမယ်လို့လည်း ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးအဖွဲ့ဟာ ဇန်န၀ါရီ ၂၂ ရက်ကနေ ၂၅ ရက်အထိ  ရခိုင်ပြည်နယ် မောင်တောဒေသနဲ့ ကျောက်ဖြူမြို့နယ်တို့ကို သွားရောက်ပြီး နယ်မြေအခြေအနေ လေ့လာခဲ့ကြပါတယ်။

ခရီးစဉ်အတွင်း ဘင်္ဂလာဒေ့ရှ်ဘက်ထွက်သွားသူတွေကို  ပြန်လည်စိစစ်လက်ခံရေး ပြင်ဆင်ထားရှိမှုတွေ လေ့လာခဲ့ကြသလို  ဒေသခံ ဗုဒ္ဓဘာသာဝင်တွေ ၊ အစ္စလာမ်ဘာသာဝင်တွေနဲ့  ဟိန္ဒူဘာသာဝင်ရွာသားတွေကိုလည်း တွေ့ဆုံခဲ့ပြီး သဘောထား အမြင်များကိုလည်း မေးမြန်းသိရှိခွင့်ရခဲ့တယ်လို့လည်း  ဒေါက်တာ ဆူရာကီရတ်က မီဒီယာကို ပြောပါတယ်။

ဒါ့အပြင် သူက ဒေသတွင်းမှာ လုံခြုံရေးထားရှိတဲ့အတွက် ဘယ်လို ခြောက်လှန့်မှု အရိပ်အယောင်မှ မတွေ့ရဘဲ  ရွာသားတွေနဲ့ တွေ့ဆုံတဲ့အခါမှာလည်း ကြောက်ရွံ့ထိတ်လန့်တဲ့ အမူအရာတွေကို မတွေ့ခဲ့ရဘူးလို့လည်း ပြောပါတယ်။

အကြံပေးအဖွဲ့အနေနဲ့ အခြေအနေကို စောင့်ကြည့်နေပြီး ဘယ်လိုအကြံဥာဏ်တွေကိုမှ အခုထိမပေးရသေးတဲ့အကြောင်း အဓိက လုံခြုံရေးပံ့ပိုးပေးဖို့ လိုအပ်နေတယ်လို့ ထောက်ပြပြီး အစိုးရအနေနဲ့ ဒေသတွင်းကို မီဒီယာဝင်ရောက် သတင်းယူခွင့်ပေးဖို့လည်း တိုက်တွန်း ပြောကြားပါတယ်။

တခါ အကြံပေးအဖွဲ့က ရပ်စဲခံရတဲ့အမေရိကန်အမတ် ဘေးရစ်ချတ်ဆန်ပြောသလို အကြံပေးအဖွဲ့က မြန်မာအစိုးရကို ဖုံးဖိ ပေးနေတယ်၊ ကာကွယ်ပေးနေတယ်ဆိုတာ မမှန်ဘူးလို့လည်း  သတင်းသမားတွေကို သူက ပြော ပါတယ်။

အကြံပေးအဖွဲ့အနေနဲ့  မြန်မာအစိုးရကို ဦးဆောင်လိုတဲ့ ဆန္ဒမရှိသလို နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ဦးစီးဦးဆောင်ဖို့ သဘောထားမရှိဘူး။ အလားတူ အဖွဲ့ဟာ မြန်မာအစိုးရရဲ့ အာဘော်မဟုတ်သလို နိုင်ငံ တကာ အသိုက်အဝန်းရဲ့ အာဘော်လည်း မဟုတ်ဘူးလို့ပြောပါတယ်။

အကြံပေးအဖွဲ့ဟာ လွတ်လပ်ပြီး ဘက်လိုက်မှု ကင်းတဲ့ ၊ သိက္ခာသမာဓိရှိတဲ့ နိုင်ငံတကာနဲ့ မြန်မာ နိုင်ငံက အကြံပေးပညာရှင်ကြီးတွေ ပါဝင်တဲ့အဖွဲ့ ဖြစ်တယ်လို့လည်း အကြံပေးအဖွဲ့ခေါင်းဆောင်က မီဒီယာကို ပြောပါတယ်။

ပြည်တွင်း ပြည်ပက ကျွမ်းကျင်သူ ၁၀ ဦး ပါဝင်တဲ့  ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ကို ၂၀၁၇ ဒီဇင်ဘာမှာ  မြန်မာအစိုးရက ဖွဲ့စည်းတာဝန်ပေးခဲ့တာဖြစ်ပါတယ်။

အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့  အမေရိကန် အုပ်ချုပ်ရေးမှူးဟောင်း ဘေးလ်ရစ်ချတ်ဆန်ကတော့  အကြံပေးအဖွဲ့ဟာ ရိုဟင်ဂျာအရေး ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲပြီး အဖွဲ့ဝင်အဖြစ်က နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013