
မြန်မာပြည်က စီးပွားရေးတံခါးဖွင့်တဲ့အချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံအရင်းနဲ့ ၀င်လာနိုင်လို့ အကောင်းတွေနဲ့ အဆိုးတွေဖြစ်ပေါ်လာနိုင်တာကို စီးပွားရေးပညာရှင်တွေက သတိပေးနေတာရှိပါတယ်။
[caption id="attachment_23727" align="alignleft" width="300" caption="ဦးမော်သန်း"]
[/caption]
လွှတ်တော်နှစ်ရပ်က အတည်ပြုထားပြီး သမ္မတက လက်မှတ်ထိုးဖို့ပဲ ကျန်တော့တဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ နိုင်ငံခြားသားတွေဟာ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်း တခုကို ပြည်တွင်းက ဖက်စပ်ထည့်ဝင်မှုမလိုဘဲ ရာနှုန်းပြည့် ပိုင်ဆိုင်ဖို့ ခွင့်ပြုထားပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေအတွက် ၅ နှစ် အခွန်ကင်းလွတ်ခွင့်၊ နှစ်ရှည် မြေငှားရမ်းခွင့်တွေ ခွင့်ပြုထားပါ တယ်။ ဒါပေမယ့် မြန်မာပြည်မှာ အုပ်ချုပ်ရေးနဲ့ စီးပွားရေး အခြေခံအဆောက်အဦပိုင်းမှာ အားနည်းနေသေးတာကြောင့် စီးပွားရေး အခြေအနေသစ်မှာ လည်း ပြည်သူတွေကို အကျိုးပြုတာထက် လူတစုနဲ့ စီးပွားရေး ကုမ္ပဏီတွေ အကျိုးအမြတ်ရသွားမှာကို စိုးရိမ်နေတာ ရှိပါတယ်။
ရန်ကုန်မြို့က စီးပွားရေးပါမောက္ခဟောင်း ဦးမော်သန်းကို မေးမြန်းထားပါတယ်။
“များသောအားဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီးတော့ ကိုယ့်တိုင်းပြည်ရဲ့ အကျိုးစီးပွားကို ထိရောက်နိုင်တဲ့ ကိစ္စရပ်မျိုးအနေနဲ့တော့ ဥပမာ - အလုပ်အကိုင် ဖန်တီးတယ်၊ အလုပ်အကိုင် ဖန်တီးတဲ့ ကိစ္စရပ်တွေမှာ အကုန်လုံး ပြည်သူပြည်သားကနေ ဖန်တီးလာတဲ့ ပေါ်ထွက်လာတဲ့ အလုပ်အကိုင်မျိုး မရလိုက်ဘူး။ အင်မတန်မှ အခွင့်အရေးကောင်းတဲ့ လုပ်ငန်းတွေကို သူတို့ကပဲ လက်ဝါးကြီးအုပ်ထားတာမျိုး။ အဲဒီလို ကိစ္စရပ်မျိုးအတွက်လည်း နံပါတ်တစ်၊ အဲဒါမျိုးလည်းပဲ လိုမယ်လို့ထင်ပါတယ်။ နောက်တခုက ပြည်ပကနေ လာပြီးတော့ လုပ်ကိုင်ကြတဲ့အခါ ကျတော့ ပြည်ပကနေလာတာ အဓိကတော့ သူ့အကျိုးစီးပွားအတွက်ပဲ ရှေ့တန်းတင်မှာပေါ့။ ဒါကတော့ စီးပွားရေး လုပ်တယ်ဆိုတာတော့ အလှူပေးတာမဟုတ်တော့ အပြစ်ပြောစရာတော့ မရှိဘူး။ သို့သော်လည်း ကိုယ့်နိုင်ငံရဲ့ ပတ်ဝန်းကျင်အခြေအနေတွေ၊ သိပ်ယိုယွင်းသွားမယ့် ကိစ္စရပ်မျိုးပေါ့၊ အဲဒါမျိုးနဲ့ ပတ်သက်လို့လည်း အကာအကွယ် အစည်းအတား အဲဒါမျိုးလည်း ဂရုစိုက်သင့် တယ်။ နောက်တခုအနေနဲ့လည်း ကိုယ့်တိုင်းပြည်ရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက် ဆိုတာလည်း ကိုယ့်ယဉ်ကျေးမှုက သဘာဝမကျဘူး။ ကိုယ့်ယဉ်ကျေးမှုက တိုးတက်မှုကို မရှေးရှုဘူး၊ ကိုယ့်ထက်ကောင်းတဲ့ ယဉ်ကျေးမှုလာလို့ရှိရင်တော့ အစားထိုးတာက ဘာမှပြဿနာ (ကျနော့် အမြင် ပြောတာပါ) သိပ်မစိုးရိမ်ဘူး။ သို့သော် ကိုယ့်ရဲ့ လူမျိုးရေးအရ၊ ကိုယ့်အမျိုးသမီးတွေ ဘာတွေ ပျက်စီးသွားမယ့် အရေး ကိစ္စမျိုးပေါ့။ တခြားနိုင်ငံတွေမှာ တွေ့ရတာမျိုး မဖြစ်ဖို့တော့ အရေးကြီးတယ်နဲ့ တူပါတယ်။”
နောက်တချက်က ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ ဥပဒေပေါ့။ ကျနော်တို့ဆီမှာ ရှိနေတဲ့ စီးပွားရေး လုပ်ငန်း၊ အလတ်စား၊ အသေးစားလေးတွေကို နိုင်ငံခြားကုမ္ပဏီကြီးတွေက ၀င်လာပြီး ၀ယ်ယူလိုက်တာမျိုး။ အဲဒါမျိုးက ရေရှည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မကောင်းဘူး ဆိုတာမျိုး မြင်ကြတဲ့ အမြင်ရှိပါတယ်။ အဲဒီ အပေါ်မှာ ဆရာ ဘယ်လိုယူဆပါသလဲ။
“စီးပွားရေးလုပ်ငန်းမှာလည်း ခုနပြောသလို မအောင်မြင်တဲ့ လုပ်ငန်းကို အောင်မြင်တဲ့လုပ်ငန်းက သိမ်းသွင်းသွားမှာပဲ။ အမျိုးသားအကျိုးစီးပွားနဲ့ ကြည့်ရင်တော့ ထိခိုက်မယ်လို့ ဖြစ်ရင်ဖြစ်မှာပေါ့။ သို့သော်လည်း ကိုယ်က နိုင်ငံသားအနေနဲ့ ကြည့်လို့ရှိရင်တော့ ဒီဥစ္စာလည်းပဲ ကျနော်တော့ သိပ်မစိုးရိမ်ဘူး။”
ကျနော်တို့ဆီမှာ အစဉ်အဆက်ရှိနေတဲ့ ခရိုနီတွေပဲ အစိုးရနဲ့ နီးတယ်။ ဆက်သွယ်မှုရှိတယ်ဆိုပြီး ဥပမာ လိုင်စင် သွင်းကုန်ထုတ်ကုန်လိုမျိုး ကိစ္စမျိုးတွေ၊ တခြားလုပ်ငန်း လိုင်စင်မျိုးတွေက သူတို့ပဲ ရတယ်ဆိုတာမျိုး ဖြစ်တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ နည်းနည်းဆွေးနွေးပေးပါလား။ ကျနော်တို့ တကယ့် စီးပွားရေးအခြေအနေအသစ်မှာ ဘယ်လိုဖြစ်သင့်လဲ။
“ဒါကလည်းပဲ လက်သိပ်ထိုးပြီး ကိုယ့်နဲ့ နီးစပ်ရာကိုပဲ ပေးတယ်ဆိုရင် တကယ်အရည် အချင်း ပြောင်မြောက်တဲ့ စီးပွားရေးလုပ်ငန်းဆိုတာမျိုး ပေါ်လာမှာမဟုတ်ဘူး။ စီးပွားရေးလောကမှာ အင်မတန်မှ ရေပန်းစားတဲ့ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်အာဏာကို သုံးစွဲပြီး လုပ်ကိုင်တာမျိုးကျတော့ တကယ့်စီးပွားရေးရဲ့ အကျိုးကျေးဇူးပေါ့။ value creation ဖြစ်မှာမဟုတ်ဘူး။ အဲဒီလိုမဖြစ်ဘဲနဲ့ ခုန လုပ်ပိုင်ခွင့်အာဏာကို မှီပြီးတော့ အကျိုးအမြတ်ရတာပဲရှိမယ်။ ခရိုနီဝါဒ (cronyism) ဆိုတာမျိုးတော့ ၂၀ ရာစုနှစ် အတွင်းကလည်း တော်တော်များများ ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာ ခရိုနီဝါဒ နဲ့ ပတ်သက် လို့ တော်တော်ရေပန်းစားလာပြီး တိုင်းပြည်အတွက် နစ်နာခဲ့တာပဲ ရှိတာပဲ။ အဲဒီတော့ ခရိုနီဝါဒနဲ့ ပတ်သက်လို့တော့ တကယ်ကို တန်းတူညီမျှအခွင့်အရေးနဲ့ လုပ်ပိုင်ခွင့်ပေးဖို့ အင်မတန်မှ လိုအပ်ပါတယ်။”
အုပ်ချုပ်ရေးပိုင်းမှာ အားနည်းချက်တွေရှိတော့ လာဘ်ပေးလာဘ်ယူနဲ့ပဲ လုပ်ပိုင်ခွင့်တွေကို ယူသွားတာမျိုးဖြစ်တော့ နိုင်ငံခြားကုမ္ပဏီတွေဘက်က ပြန်ကြည့်ရင် လူထုကို အကျိုးပြုတာထက် ခုနက နိုင်ငံရဲ့ ပတ်ဝန်းကျင်အခြေအနေတို့လို ယဉ်ကျေးမှုလိုကိစ္စမျိုးကို ငွေလုံးငွေရင်းနဲ့ လာ ၀ယ်သွားပြီးတော့မှ လုပ်ချင်သလိုလုပ်သွားတဲ့ အခြေအနေ မဖြစ်ဖို့ဆိုရင် အုပ်ချုပ်ရေးပိုင်းမှာ ဥပဒေအရ ဘာတွေလိုအပ်သလဲ။ ဘယ်လိုရှုမြင်သလဲ။
“တကယ်အစစ်အမှန်ပြောရရင် ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူ့ အစိုးရ ဖြစ်လာ မယ်။ ပြည်သူ့အစိုးရဖြစ်လာတယ်ဆိုတာ အစိုးရပိုင်း အနေနဲ့ တကယ့်ပြည်သူ့ အစိုးရ ဖြစ်လာမယ်။ ပြည်သူ့အစိုးရဖြစ်လာပြီးတော့ ရုံးလုပ်ငန်းပိုင်း၊ လုပ်ငန်းပိုင်းအနေနဲ့ အစိုးရသည် ပြည်သူ့အစိုးရဖြစ်လာတယ်ဆိုရင် ခုနကပြောတဲ့ တကယ်ယန္တရားကလည်း၊ အုပ်ချုပ်မှုယန္တရားကလည်း သန့်စင်လာမှာပါ။ အရေးကြီးတာတော့ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူကို ချစ်တဲ့၊ တိုင်းပြည်ကို ခေါင်းဆောင်တဲ့သူပေါ့။ နိုင်ငံခြားကလည်း သူတို့အနေနဲ့ကလည်း အလှူပေးတာ မဟုတ်ဘူး။ စီးပွားဖြစ်အောင်လုပ်တယ်။ တတ်နိုင်သလောက်တော့ ဆွဲဆောင်မှုတွေနဲ့ လုပ်မှာပဲ။ နိုင်ငံတကာမှာလည်း ကိုယ်ကျင့်သိက္ခာနဲ့ ပတ်သက်ပြီးတော့ ပြောတာလည်း ရှိတာတော့ ရှိတာပေါ့။ အဓိကတော့ ကိုယ့်ဘက်ကနေ မပါဖို့ ဆိုတာလည်း ပြည်သူ့ အစိုးရတက်တယ် ဆိုရင်တော့ အဲဒါက အားကိုးရမှာပါ။”
နောက်ဆုံးတချက်က ဆရာတို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လောက် သိခွင့်ရသလဲ ဆိုတော့၊ သိခွင့်မရတဲ့ အနေအထားတခုပေါ့၊ အဲဒါတခုခုများ မှားနေမလား။
“ပွင့်လင်းမြင်သာမှုပေါ့လေ။ ဥပဒေတခုပြုမယ်၊ ပြဋ္ဌာန်းမယ်၊ ဒါက တိုင်းပြည်အကျိုးစီးပွားအတွက် လုပ်တယ်။ ကိုယ်ကျိုးအတွက်လုပ်တာ မဟုတ်ဘူးဆိုရင် လူသိရှင်ကြား အသိခံဖို့ဆိုတာလည်း ကျနော့်အမြင်တော့ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ တကယ်ပဲ ပြည်သူ့အကျိုးစီးပွားအတွက်ဆိုရင် ပွင့်လင်းမြင်သာမှုရှိရမယ်။ လိုက်လျောညီထွေဖြစ်ရမှာပေါ့။”











