
တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့ Cafe In Town ကော်ဖီဆိုင်မှာ ဇန်နဝါရီ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။
ဒီအခမ်းအနားကို ရှေ့နေများကွန်ရက် ရန်ကုန်ရှေ့နေများအသင်းနဲ့ မြန်မာနိုင်ငံမီဒီယာရှေ့နေများကွန်ရက်တို့ ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။
ဦးကိုနီ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရချိန် တရားခံကြည်လင်းကို ဖမ်းဆီးရာမှာ အသက်ပေးခဲ့ရတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းအတွက်လည်း ဆုတောင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရတာ တစ်နှစ်ပြည့်ပြီဖြစ်ပေမယ့် တရားခံ ကြည်လင်း၊ အောင်ဝင်းခိုင်နဲ့ အောင်ဝင်းဇော်တို့ကို တရားရုံးက စီရင်ချက်မချနိုင်သေးတဲ့အတွက် ရှေ့နေအသိုင်းအဝိုင်းက ကျေနပ်မှုမရှိကြပါဘူး။
ရှေ့နေဦးကိုနီဟာ မကွယ်လွန်ခင်က စစ်အစိုးရရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြင်ဆင်ဖို့ တစိုက်မတ်မတ်ကြိုးစားခဲ့တဲ့ နိုင်ငံရေးသမားတဦးလည်းဖြစ်ပါတယ်။
ရှေ့နေ ဦးကိုနီဟာ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။











