ဗိုလ်ချုပ် နှုတ်ခမ်းမွေးကို လွှဲပြောင်းရေးကိစ္စ ထိုင်းဒုဝန်ကြီး မြန်မာနိုင်ငံသွားမည်
DVB
·
May 8, 2012
ဒီမိုကရေစီကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ခေါင်းဆောင် ဗိုလ်ချုပ် နှုတ်ခမ်းမွေးကို သူတို့ကို လွှဲပြောင်းပေးရေးအတွက် ထိုင်းဒုဝန်ကြီးက မြန်မာနိုင်ငံ သွားရောက်ဖို့ ပြင်ဆင်နေတယ်လို့ ဒီနေ့ထုတ် MCOT သတင်းမှာ ဖော်ပြထားပါတယ်။
[caption id="attachment_25058" align="alignleft" width="223" caption="ဗိုလ်ချုပ်နှုတ်ခမ်းမွေး (ဒီကေဘီအေ)"]
[/caption]
မူးယစ်ဆေးဝါးအမှုနဲ့ ထိုင်းအစိုးရက ၀ရမ်းထုတ်လိုက်တဲ့ ဒီကေဘီအေခေါင်းဆောင် ဗိုလ်ချုပ် နှုတ်ခမ်းမွေးကို ဖမ်းဆီးလွှဲပြောင်းပေးဖို့ ထိုင်းက မြန်မာဘက်ကို တရားဝင်တောင်းဆိုခဲ့ပါတယ်။ ဒီနောက်မှာ ထိုင်းနိုင်ငံ တာ့ခရိုင်နဲ့ မျက်နှာချင်းဆိုင် ဂိတ် ၁၀ ခုကို ဒီကေဘီအေက ပိတ်ခဲ့ပါတယ်။
ဒီလို နယ်စပ်အခြေအနေတွေ တင်းမာလာတဲ့အချိန်မှာ ထိုင်းနိုင်ငံရဲ့ ဒုတိယ၀န်ကြီးချုပ် ချလိမ့်ယူဘမ်းရုန်းက ဗိုလ်ချုပ် နှုတ်ခမ်းမွေးကို ဖမ်းဆီးလွှဲပြောင်းရေး ကိစ္စ မြန်မာအစိုးရနဲ့ သွားရောက် တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံက မြန်မာကို အခုလိုတောင်းဆိုနေတာနဲ့ပတ်သက်ပြီး မြန်မာအစိုးရက သူတို့ကို တစုံတရာ ပြောဆိုတာမျိုးတွေ မရှိသေးဘူးလို့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဗိုလ်ချုပ်နှုတ်ခမ်းမွေးဟာ ထိုင်းနိုင်ငံက အလိုရှိနေတဲ့ မူးယစ်ရာဇာ ၂၅ ဦးထဲမှာ တဦးအပါ အ၀င်ဖြစ်ပြီး ဖမ်းမိသူကို ဆုငွေ ဘတ် ၁ သန်း ပေးမယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့  (ONCB ) က ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။
သူ့ကို ဖမ်းဆီးဖို့ ဆုငွေထုတ်အပြီးမှာ သံသယရှိတဲ့ ဘယ်နေရာမဆို လာရောက်ကြည့်ရှုဖို့ ထိုင်းအစိုးရကို ဒီကေဘီအေက ဖိတ်ခေါ်ခဲ့ပြီး ထိုင်းအစိုးရက တရားဝင် လာရောက်စစ်ဆေးမှုမရှိတဲ့အတွက် ဒီကေဘီအေက မေ ၁ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး ဆုငွေထုတ်ထားတဲ့ ကိစ္စကို ထိုင်းအာဏာပိုင်တွေက ဖြေရှင်းမပေးရင် နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီနောက်ပိုင်းမှာ ထိုင်းဘက်ခြမ်း နယ်စပ်တွေမှာ တပ်တွေလုံခြုံရေး တိုးမြှင့်ချထားလိုက်သလို ဒီကေဘီအေကလည်း တာ့ခရိုင်နဲ့ဆက်စပ်ထားတဲ့ ဂိတ် ၁၀ ဂိတ်ကို ပိတ်ပစ်ခဲ့ပါတယ်။
