
ဧရာဝတီတိုင်း၊ မအူပင်မြို့မရဲစခန်းက ရဲတပ်သားနဲ့ဇနီးက ဒေသခံ အရပ်သားတွေဆီက ငွေအများအပြား လိမ်လည် ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မအူပင်မြို့မရဲစခန်းက ရဲတပ်သားကောင်းဆက်နဲ့ ဇနီးတို့က မအူပင်အချုပ်ခန်းအတွင်း ရောက်ရှိနေတဲ့ အချုပ်သား မိသားစုဝင်တွေနဲ့ အရပ်သားစီး ပွားရေးလုပ်ငန်းရှင်တွေဆီကနေ ငွေကျပ် သိန်းထောင်ချီ လိမ်လည်ကာ ထွက်ပြေးတိမ်းရှောင်နေတာလို့ ဆိုပါတယ်။
မအူပင်မြို့ခံ တယောက်က “အချုပ်သား မိသားစုတွေဆီကနေ အမှုလျှော့ပေါ့သက်သာအောင် လုပ်ပေးမယ်ဆိုပြီး ငွေလိမ်တယ်။ လုပ်ငန်းရှင်တွေဆီကကျတော့ အကြွေးတွေ တောင်းစရာရှိရင် အာဏာနဲ့ ခြိမ်းခြောက်တောင်းပေးမယ်၊ အလောင်းကစားဝိုင်းတွေလုပ် ဖုံးဖိထားပေးမယ်ဆိုပြီး လိမ်တာ” လို့ ပြောပါတယ်။
ရဲတပ်သား ကောင်းဆက်နဲ့ ဇနီးတို့က ဒေသခံ အရပ်သားအယောက် ၂၀ လောက်ဆီကနေ ငွေတွေ လိမ်လည်သွားတာဖြစ်ပြီး ဒေသခံတွေက ရဲတပ်သားလင်မယား နေထိုင်တဲ့ မအူပင်မြို့မရဲစခန်း လိုင်းခန်းကို ၅ ကြိမ်ထက်မနည်း သွားရှာခဲ့ကာ ဖုန်းဆက်သွယ်ပေမဲ့မရလို့ စုံစမ်းကြည့်ရာမှာ ပြောင်းရွှေ့သွားတာကို သိရတာလို့ ဆိုပါတယ်။
မအူပင်ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အရပ်သားတယောက် ကျပ်သိန်း ၆၀ ကနေ ၇၀၊ ၉၀ အထိ ပါသွားတာလို့ သိရတယ်။ ရဲဆိုတော့လည်း ယုံကြည်တာပေါ့။ ရဲတပ်သားနဲ့ ဇနီးသည်ကို အခုကိစ္စတွေကြောင့် နေရာပြောင်းထားတယ်လို့ ကြားမိတယ်” လို့ ပြောပါတယ်။
ငွေကြေးလိမ်လည်ခံရမှုကြောင့် နစ်နာသူတွေဘက်က မအူပင်မြို့မရဲစခန်းကို သွားရောက်တိုင်ကြားကြပေမဲ့ စခန်းမှူး မင်းမြတ်စောဝင်းက အမှုလက်ခံမဖွင့်ပေးခဲ့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် သတင်းမဖြန့်ဖို့နဲ့ ရဲတပ်သားနဲ့ ဇနီးကို အမှုဖွင့်ပေးလိုက်ပါက အရပ်သားတွေသာ ငွေတွေ ဆုံးရှုံးသွားမယ်လို့ စခန်းမှူးက ခြိမ်းခြောက်ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။










