DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးပန်းတိုင်က စစ်အာဏာရှင်စနစ်မှ အပြီးတိုင်လွတ်မြောက်ရေးဖြစ်ဟု NUG ပြော
DVB
·
April 18, 2026
Photo : NUG
Photo : NUG
Donate to DVB

နွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်ပန်းတိုင်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးနဲ့ စစ်အာဏာရှင်စနစ်ကနေ အပြီးတိုင်လွတ်မြောက်ရေးဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။

သမ္မတဦးဝင်းမြင့် ပြန်လွတ်မြောက်လာပြီးနောက် အမျိုးမျိုး သုံးသပ်ဝေဖန်တာတွေရှိနေချိန်မှာ သဘောထားတွေကို ထပ်လောင်းအတည်ပြု ထုတ်ပြန်လာတာဖြစ်ပါတယ်။

‘ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင်များက မတရား ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရသော ကျွန်ုပ်တို့၏ နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားအချို့ မိသားစုနှင့် ပြန်လည်ဆုံဆည်းရသည်ကို ဝမ်းမြောက်စွာဖြင့် အောက်ပါသဘောထားများကို ထပ်လောင်းအတည်ပြုထုတ်ပြန်အပ်ပါသည်’ လို့ ဆိုပါတယ်။

ပြည်သူလူထုက လွတ်လွတ်လပ်လပ်နဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံတော် သမ္မတကြီးအနေနဲ့ ပြည်တွင်းပြည်ပ တော်လှန်ရေးဖိအားတွေကြောင့် အခုလို မိသားစုနဲ့ ပြန်လည်ဆုံဆည်းနိုင်ခဲ့တာဟာ ပြည်သူလူထုရဲ့ တော်လှန်ရေးအောင်ပွဲ အစိတ်အပိုင်းတရပ်အဖြစ် အခိုင်အမာ ယုံကြည်ရှုမြင်တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ၊ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေဟာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်အသိအမှတ်ပြု ကိုင်စွဲထားသလို နိုင်ငံတော်သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့ရွေးကောက်ခံ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်အသိအမှတ်ပြုထားကြတယ် လို့လည်း ဆိုပါတယ်။

နွေဦးတော်လှန်ရေးရဲ့ အဆုံးသတ်ပန်းတိုင်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူတွေအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးဖြစ်တဲ့အပြင် ခေတ်အဆက်ဆက် စစ်အာဏာရှင်လူတစုက သူတို့ရဲ့ ကိုယ်ကျိုးစီးပွားကိုပဲရှေ့ရှုပြီး တိုင်းပြည်နဲ့ ပြည်သူလူထုကို နည်းမျိုးစုံ ဖိနှိပ်ချုပ်ချယ် အနိုင်ကျင့်လေ့ရှိတဲ့ အဆိုးကျော့သံသရာကနေ အပြီးတိုင်လွတ်မြောက်ရေးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့ ရည်မှန်းချက်တွေကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း မဟာမိတ်တိုင်းရင်းသားတွေနဲ့ ပူးတွဲထုတ်ပြန်ခဲ့တဲ့ ဘုံသဘောထား ရပ်တည်ချက်တွေအရ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီရဲ့ ၂၀၂၆ ခုနှစ်၊ မတ် ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ ခိုင်ခိုင်မာမာ ဆက်လက်စွဲကိုင် တိုင်းတာဆုံးဖြတ်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဘုံသဘောထား ရပ်တည်ချက်တွေကတော့ စစ်အာဏာသိမ်းတာကိုဖယ်ရှားပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံရေးမှာပါဝင်နေတာကို အဆုံးသတ်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိဖို့ ဖြစ်ပါတယ်။

ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့နဲ့ အဲဒါကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းမှု မှန်သမျှကို တိုက်ဖျက်ဖို့၊ သက်ဆိုင်သူအားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းဖို့၊ ထွက်ပေါ်လာတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်ကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ဖို့ကိုလည်း ဘုံသဘောတူထားကြတာပါ။

အကြမ်းဖက်စစ်အုပ်စုရဲ့ ပြည်သူလူထုတရပ်လုံးအပေါ် ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့၊ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေ ကျူးလွန်တာကို တရားမျှတအောင်လုပ်ပေးနိုင်မှ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်တယ်လို့ မှတ်ယူပြီး ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်သလို ခေတ်စနစ်ပြောင်းစေဖို့ ဦးတည်ဆောင်ရွက်နေတဲ့ နွေဦးတော်လှန်ရေးကို ရည်မှန်းချက်ပန်းတိုင် ရောက်တဲ့အထိ ဆုံးခန်းတိုင်ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013