DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားရေးရာ ဒုဝန်ကြီးရာထူး ကမ်းလှမ်းချက် SNLD ငြင်းပယ်
DVB
·
January 26, 2018
တိုင်းရင်းသားရေးရာ ဒုဝန်ကြီးရာထူး ကမ်းလှမ်းချက် SNLD ငြင်းပယ်
Donate to DVB

တိုင်းရင်းသားရေးရာဝန်ကြီးဌာနရဲ့ ပြည်ထောင်စု ဒုဝန်ကြီးနေရာအတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD က တာဝန်ယူ ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခံရတဲ့အပေါ် ပါတီက ပြန်လည်ငြင်းဆိုလိုက်ပါတယ်။

အစိုးရအဖွဲ့ရုံးက ပြီးခဲ့တဲ့ သီတင်းပတ်က ကမ်းလှမ်းခဲ့တာဖြစ်ပြီး သူတို့ပါတီအနေနဲ့ နိုင်ငံရေး ရည်မှန်းချက်နဲ့ မကိုက်ညီတာကြောင့် ရာထူးလက်မခံနိုင်ကြောင်း မနေ့က အကြောင်းပြန်ခဲ့တယ်လို့ ပါတီပြောခွင့်ရ ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။

“ဒုဝန်ကြီးရာထူး ကမ်းလှမ်းခံရတော့ ကျနော်တို့ဘက်က ပြန်မေးပါတယ်။ အန်အယ်လ်ဒီ ပါတီအနေနဲ့ ကမ်းလှမ်းတာလား။ အစိုးရအဖွဲ့အနေနဲ့ ကမ်းလှမ်းတာလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားဆွေးနွေးလို့ ရမလားပေါ့။ ဒါပေမယ့် သူတို့က ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြားချက်အရ အစိုးရအနေနဲ့ ကမ်းလှမ်းတာဖြစ်ပြီး သွားတွေ့စရာ မလိုတော့ဘူးလို့ ပြောပါတယ်။ ဒါဆိုရင် ကျနော်တို့က ပြုပြင်ပြောင်းလဲရေးတွေ ဘာမှ ဆွေးနွေး တင်ပြလို့ရမှာ မဟုတ်ဘူး။ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်းပဲ သွားရမှာ ဖြစ်တယ်။ ကျနော်တို့ နိုင်ငံရေးရည်မှန်းချက်၊ မူဝါဒတွေနဲ့ မကိုက်ညီဘူးလေ။ ကျနော်တို့ အခု ကြိုးစားပမ်းစား ဆောင်ရွက်နေတာက အခြေခံဥပဒေ ပြင်ဆင်ဖို့၊ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ငြိမ်းချမ်းရေးတွေအတွက် ဖြစ်ပါတယ်၊ ရာထူးတွေ ရယူဖို့ မဟုတ်ပါဘူး”

ရွေးကောက်ပွဲ အနိုင်ရပြီး လက်ရှိ အစိုးရဖြစ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲချုပ်ပါတီတို့ဟာ ယခင်ကတည်းက မဟာမိတ်ပါတီတွေ ဖြစ်တာကြောင့် အထက်ကနေ ရာထူးနေရာတွေ ချပေးတာထက် တန်းတူပူးပေါင်း ညှိနှိုင်းဆောင်ရွက်တဲ့ အနေအထားကို  SNLD က လိုလားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အန်အယ်လ်ဒီပါတီ ရွေးကောက်ပွဲအနိုင်ရကာစ အစိုးရအဖွဲ့ ဖွဲ့စဉ်တုန်းကလည်း ပြည်ထောင်စုအစိုးရဝန်ကြီးအဖွဲ့မှာရော၊ ပြည်နယ်အစိုးရဝန်ကြီးအဖွဲ့ထဲမှာပါ ပါဝင်နေရာယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်  တနေရာမှ မယူခဲ့ဘူးလို့  ဦးစိုင်းလိတ်က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲချုပ်ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲက တနိုင်ငံလုံးမှာ အန်အယ်လ်ဒီပါတီ ပြီးရင် အမတ်နေရာ ဒုတိယအများဆုံးရခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာလည်း လွှတ်တော်သုံးရပ်စလုံးမှာ ကိုယ်စားလှယ် ၄၀ ဦးနဲ့ ရှမ်းပြည်နယ်မှာ ဒုတိယအများဆုံး ရခဲ့ပါတယ်။

ဓာတ်ပုံ-SNLD

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013