DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
မြေမြှုပ်မိုင်း၊ ဝှက်ထားသော လက်နက်များနှင့် ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ
DVB
·
January 26, 2018
မြေမြှုပ်မိုင်း၊ ဝှက်ထားသော လက်နက်များနှင့် ပြည်တွင်းငြိမ်းချမ်းရေး အလားအလာ
Donate to DVB

ကမ္ဘာလုံးဆိုင်ရာ မြေမြှုပ်မိုင်း အသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း၊ နိုင်ငံတကာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ (ICBL) က ထုတ်ပြန်တဲ့ ၂၀၁၇ ခုနှစ် အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင် မြို့နယ် ၇၁ မြို့နယ်ရှိတဲ့အနက် ကရင်ပြည်နယ် မြို့နယ် ၇ မြို့နယ်စလုံးက မြေမြှုပ်မိုင်းအန္တရာယ် အများဆုံးသောဒေသ ဖြစ်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါထုတ်ပြန်ချက်ဟာ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ် ပထမသုံးလပတ်အထိ တွေ့ရှိချက်များကို ပြုစုထားခြင်း ဖြစ်တယ်ဆိုတဲ့ အစီရင်ခံစာကို ဇန်နဝါရီ ၁၀ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီမှာ မီဒီယာတွေနဲ့ မိတ်ဆက်ပွဲ ပြုလုပ်ခဲ့စဉ် ပြောခဲ့တာ ဖြစ်ပါတယ်။

ယခင်နှစ်တွေကလည်း မြေမြှုပ်မိုင်းအများဆုံး သုံးနိုင်ငံထဲမှာ အာဖဂန်နစ္စတန်၊ ယူဂိုဆလားဗီးယားပြီးရင် မြန်မာနိုင်ငံ ပါဝင်တယ်လို့ မိုင်းလေ့လာရေးစစ်တမ်းတွေက ဖော်ပြခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်က ၎င်းတို့အဖွဲ့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း မိုင်းအန္တရာယ်ရှိတဲ့ မြို့နယ် ၆၀ ခန့်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ထုတ်ပြန်တာမှာတော့ မြို့နယ် ၇၁ ခု ဖြစ်သွားတာထောက်ရင် တနှစ်အတွင်းမှာ မြို့နယ် ၁၁ မြို့ မိုင်းအန္တရာယ်ရှိတဲ့ မြို့တွေအဖြစ် တိုးပွားသွားတာ တွေ့ရပါတယ်။

ပြည်နယ်နှင့် တိုင်းအလိုက် မိုင်းအန္တရာယ်ရှိတဲ့ မြို့အရေအတွက်က ကရင်ပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်လုံး၊ ကယားပြည်နယ်မှာ မြို့နယ် ၇ မြို့နယ်လုံး၊ ကချင်ပြည်နယ်မှာ မြို့နယ် ၁၄ မြို့နယ်၊ ရှမ်းပြည်နယ်မှာ မြို့နယ် ၂၄ မြို့နယ်၊ မွန်ပြည်နယ်မှာ ၆ မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးမှာ ၄ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးမှာ ၆ မြို့နယ်၊ ရခိုင်ပြည်နယ်မှာ မောင်တောမြို့နယ်နှင့် ချင်းပြည်နယ်မှာ ပလက်ဝမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးမှ အင်းတော်မြို့နယ်တို့ကို သံသယရှိဖွယ် မိုင်းအန္တရာယ်များသော ဒေသများအဖြစ် သတ်မှတ်ထားကြောင်း တွေ့ရပါတယ်။

ထပ်ပြီးတိုးလာတဲ့ ၁၁ မြို့ကတော့ ကချင်ပြည်နယ်မှာ ဗန်းမော်၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ ရွှေကူ၊ ရှမ်းပြည်နယ်နယ်မှာ သီပေါ၊ ကွတ်ခိုင်၊ ခိုလမ်၊ လားရှိုး၊ မန်တုံနှင့် မူဆယ်မြို့နယ်၊ တနင်္သာရီတိုင်းမှာ မြိတ်မြို့နယ်တို့ဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြေမြှုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာ အစည်းအရုံး လှုံ့ဆော်ရေးအဖွဲ့ (ICBL) မှ မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းတွေအကြောင်းကို ၁၉၉၉ မှ ၂၀၁၆ ခု လေ့လာခဲ့တဲ့ အကြောင်းကို ၂၀၁၇ ခုနှစ်မှာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

သူတို့ရဲ့ ထုတ်ပြန်ချက်အရ ၁၉၉၉ မှ ၂၀၁၆ ခုနှစ်အထိ မိုင်းကြောင့် သေဆုံးသူ ၄၈၈ ဦး၊ ဒဏ်ရာရသူ ၃၃၈၅ ဦး၊ သေသည် ရှင်သည် မသိရသူ ၁၁၈ ဦး၊ စုစုပေါင်း ၃၉၉၁ ဦး ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါတွေက သုံးသပ်ရသလောက်ကတော့ သူတို့ စုံစမ်းလို့ရသလောက်ပါပဲ။ နောက်ပြီး စစ်မြေပြင်က နှစ်ဖက်စစ်သားတွေ မိုင်းထိတာတွေ မပါသေးဘူးဆိုတာ သေချာပါတယ်။ တကယ်တမ်းလည်း စစ်တိုက်နေတဲ့ နှစ်ဖက်စစ်သားတွေဆီက မိုင်းထိလို့ ဘယ်ရွေ့ဘယ်မျှ ကျဆုံးကြတယ် ဆိုတာကို စာရင်းကောက်ဖို့ဆိုတာ အတော်မလွယ်လှတဲ့ ကိစ္စပါ။

ဒါကြောင့် အပြစ်မဲ့တဲ့ ပြည်သူတွေတောင် မတော်တဆ မိုင်းနင်းမိပြီး ဒီလောက် များပြားတဲ့ပမာဏ ကျဆုံးခဲ့ကြရင် တမင်သက်သက် မိုင်းထောင်ပြီး တဖက်ကိုတဖက် တိုက်ခိုက်နေတဲ့ နှစ်ဖက် အဖွဲ့အစည်းတွေမှာလည်း နည်းတဲ့အရေအတွက် မဟုတ်လောက်ဘူးဆိုတာ တွေးလို့ရပါတယ်။ နောက်ပြီး ခုတင်ပြထားတဲ့ အရေအတွက်တွေဟာ ၁၉၉၉ ကနေ ခုချိန်ထိ လေ့လာနေတာသာဖြစ်ပြီး နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ် ဖြစ်လာတဲ့ တိုင်းပြည်တပြည်ရဲ့ မြေမြှုပ်မိုင်းကြောင့် ဆုံးရှုံးခဲ့ရတဲ့ အသက်၊ အိုးအိမ်၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ဘယ်အထိ ရှိနေမလဲ။ ပြည်တွင်းစစ် ဖြစ်နေတာကို မရပ်တန့်နိုင်တဲ့အခါ ပြည်ထဲမှာ တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတာကိုလည်း အဆင်သင့် မကာကွယ်နိုင်ခဲ့ပြန်ဘူး။

အဆိုပါ အစီရင်ခံစာမှာပဲ မြေမြှုပ်မိုင်းကို ထုတ်လုပ်တဲ့ ပင်ရင်းဌာနတွေကို ဖော်ပြထားပါသေးတယ်။ မြေမြှုပ်မိုင်းထုတ်လုပ်တဲ့ ပင်ရင်းတွေထဲမှာ မြန်မာ့တပ်မတော်၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကရင်နီ အမျိုးသားတိုးတက်ရေး တပ်မတော် (KNPP)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) တို့က ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

တပ်မတော်ဘက်ကလည်း စစ်တိုက်တဲ့အခါ မိုင်းကို မရှိမဖြစ် လိုအပ်ရင် သုံးဖို့ ထုတ်လုပ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်များဘက်မှလည်း ပြောက်ကျားစစ်ဆင်ရေး ဆင်နွှဲရာမှာ မပါမဖြစ်တဲ့ မိုင်းကိုသုံးဖို့ ထုတ်လုပ်နေကြတယ်။ တကယ်တမ်း မှတ်တမ်းမှတ်ရာ မြေပြင်အနေအထားကို တွက်ချက်မှုမရှိဘဲ ထောင်ထားတဲ့ မိုင်းကိုလည်း ပြန်မဖော်၊ မိုင်းထောင်ခဲ့တဲ့ နေရာကိုလည်း ပြန်ပြီး မမှတ်မိတဲ့အခါ၊ ဒါမှမဟုတ် မိုင်းထောင်ထားခဲ့တဲ့သူက တိုက်ပွဲမှာ ကျသွားခဲ့တဲ့အခါမျိုးမှာ ဘယ်နေရာမှာ မိုင်းရှိတယ်ဟု အတိအကျ မသိနိုင်ကြတော့။

ဒီလိုကြောင့်လည်း စစ်မြေပြင် ဖြစ်ပွားခဲ့ရာ နေရာဒေသက သာမန်ပြည်သူတွေမှာ နေမြဲတိုင်းနေ၊ လုပ်ကိုင်စားသောက်မြဲ အလုပ်တွေကို လုပ်နေရင်းနဲ့ မိုင်းထိပြီး သေသူ၊ ကိုယ်အင်္ဂါပျက်သူ ပျက်ကြရတယ်လို့ တချို့ခေါင်းဆောင်တွေက ဆိုပါတယ်။

ဒါပေမယ့် ခုခေတ်မှာ တချို့မိုင်းရှာစက်တွေနဲ့ မိုင်းကို ရှင်းလင်းဖို့ ကြိုးစားချင်ပေမယ့် တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ အမြင်က မိုင်းကို ဖော်လိုက်ရင် တချိန်ချိန်မှာ ယုံကြည်မှုပျက်သွားလို့ စစ်ပွဲတွေဘက်ကို ပြန်ရောက်သွားရင် ဘယ်နေရာမှာ မိုင်းထပေါက်ကွဲလေမလဲ ဆိုတဲ့ စိုးရိမ်စိတ်က မိမိတို့ရဲ့ပြိုင်ဘက်ကို ပြိုင်ရာမှာ အားသာချက်တခု ဖြစ်နေတယ်လို့ ယူဆနေတဲ့အတွက် တချို့တွေက မိုင်းရှင်းလင်းရေးကို သဘောမတွေ့ဘူးလို့ သုံးသပ်ကြသူများလည်း ရှိပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်တခုမှာလည်း ယခုရက်ပိုင်းအတွင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က တနိုင်းဒေသမှာ မိုင်းထောင် ဖောက်ခွဲမှုများ ဆက်တိုက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၁၄ ရက် ၉ နာရီခန့်မှာပဲ နောက်သတင်းတခုက မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကုန်စစ်ဆေးရေးကွင်းမှာ ကားများကို စစ်ဆေးနေစဉ် ကုန်တင်ကား တစီးရဲ့ အောက်ပိုင်းဂီယာဘောက်စ်အနီးမှာ ရီမုတ်နဲ့ ထိန်းချုပ်ဖောက်ခွဲရတဲ့ မိုင်းတလုံးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ တာဝန်ရှိသူတွေကတော့ မိုင်းထောင်တဲ့အဖွဲ့ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်လို့ မီဒီယာတွေမှာ ဖြေကြားထားတာ တွေ့ရပါတယ်။ ကားက တရုတ်ကို သွားမည့်ကား ဖြစ်တဲ့အတွက် တရုတ်ပြည်ထဲမှာသာ ဖြစ်သွားရင် နှစ်နိုင်ငံ အခြေအနေက အလုပ်ရှုပ်သွားစေမည့် ကိစ္စလည်း ဖြစ်ပါတယ်။ ဆင်ဟွာသတင်းဌာနက မြန်မာနှင့် တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ မြန်မာနိုင်ငံနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်လိုကြောင်းကို တရုတ်ကာကွယ်ရေးဝန်ကြီးချုပ် ချန်ဝမ်ကွန်က ပြောကြားထားကြောင်း ဖော်ပြထားပါတယ်။

မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်ဆန်းနှင့် တွေ့စဉ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ဒီိလိုအနေအထားတွေမှာ မြန်မာနိုင်ငံမြောက်ပိုင်း ပြဿနာဟာ ပိုပြီးပြင်းထန်လာသလိုမျိုး တွေ့နေရပြီး KIA နှင့် မြန်မာတပ်မတော်တို့ရဲ့ စစ်ရေးတင်းမာမှုကလည်း အရှိန်လျော့လာဖွယ် မရှိသေးပါဘူး။

ပထမစီစဉ်ခဲ့တဲ့ အစီအစဉ်အရလည်း ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ယခုလအတွင်းမှာ ကျင်းပနိုင်ဖို့ မရှိတော့ဘူးလို့ တိုင်းရင်းသား ခေါင်းဆောင်တချို့ဆီကလည်း အသံတွေ ထွက်လာပါတယ်။

ဇန်နဝါရီ ၁၁-၁၂ မှာ ကျင်းပခဲ့တဲ့ PPST အရေးပေါ်အစည်းအဝေးမှာ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဗိုလ်ချုပ်မူတူးစေးဖိုးက “အရေးပေါ်အစည်းအဝေး ခေါ်ယူရတဲ့ အကြောင်းရင်းကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ဦးတည်ပြီး ပြင်ဆင်နေတဲ့ လုပ်ငန်းစဉ်တွေမှာ မမျှော်လင့်ဘဲ ကျနော်တို့ EAOs နားလည်ထားတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ပြင်ဆင်မှု၊ လုပ်ငန်းစဉ်အဆင့်ဆင့်တွေအပေါ် နားလည်ထားတဲ့ နားလည်မှုနဲ့ အစိုးရဘက်က နားလည်ထားတာတွေ မတူညီဘူးဆိုတာ ရုတ်တရက် တွေ့ရှိလိုက်ရလို့ ဒါတွေကို အမြန်ဆုံး တွေ့ဆုံဖြေရှင်းနိုင်ဖို့အတွက် ကျနော်တို့အကြား တိုင်ပင်ညှိနှိုင်းဖို့ ခေါ်ယူတဲ့ အစည်းအဝေး ဖြစ်ပါတယ်’’ လို့ ပြောကြားထားတာ တွေ့ရပါတယ်။

နှစ်ပေါင်း ၆၀ ကျော်ကြာ စစ်တိုက်ပြီး အဖြေရှာခဲ့သူများအဖို့လည်း တကယ်တမ်း အမြင့်ဆုံး ဆွေးနွေးချက်များ ဖြစ်လာသည့်အခါ မယုံကြည်သည့်စိတ်များ တိုးပွားလာကြတဲ့အတွက်လည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမှုအပေါ်မှာ တပ်မတော်က မယုံကြည်ရဲတာလည်း ဖြစ်နိုင်ကြောင်း သုံးသပ်မိပါတယ်။

အန်အယ်လ်ဒီအစိုးရ တက်လာသည့် ၂ နှစ်တာကာလ ကျော်လွန်လာသည့် တိုင်အောင်လည်း မြန်မာငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့သည့် ၈ ဖွဲ့ထက် ပိုမလာသေး။ ဒီလိုကြားထဲမှာ မိုင်းများ၊ ပြည်တွင်းစစ်များ၊ ဝှက်ထားသော လက်နက်များကလည်း ဟိုက တစ၊ ဒီက တစ ပေါ်ပေါ်လာနေတာကို ကြုံနေရဆဲ။

ဇန်နဝါရီ ၁၄ ရက်မှာပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်တဲ့ နောက်သတင်းတခုလည်း ရှိပါသေးတယ်။

မောင်တောဒေသမှာ ဖုန်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သက္ကယ်ပြင်ကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့တဲ့အတွက် ကျေးရွာဗလီအနီးကနေ ARSA အဖွဲ့က ဝှက်ထားသည့် လက်နက်များကို တွေ့ရှိခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကျေးရွာဗလီအနီးက ရေကန်အတွင်းက နှစ်ချောင်းထောက် ဒေသန္တရလုပ် စိန်ပြောင်းတလက်၊ ယမ်းထည့်၍ ပစ်ခတ်နိုင်သော လုပ်သေနတ် ၂၉ လက်၊ ယမ်းထည့်၍  ပစ်ခတ်နိုင်သော်လည်း ပြောင်းမပါ လုပ်သေနတ် နှစ်လက် စုစုပေါင်းလုပ်သေနတ် ၃၂ လက်တို့ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို မိုင်းတွေ၊ လက်နက်တွေ ဟိုနေရာ၊ ဒီနေရာမှာ တွေ့ရှိလာရခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ့တွေနဲ့လည်း ဆွေးနွေးမှုကနေ အဆင်မပြေမှုများတွေ ရှိနေလာခြင်းတွေက မြန်မာနိုင်ငံအတွက် ကောင်းမွန်တဲ့ လက္ခဏာတွေ မဟုတ်ပါဘူး။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း ရှမ်းပြည်နယ် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ထုတ်ပြန်ထားပါတယ်။

ဒါတွေဟာ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများကို လားရှိုး၊ ပင်လုံ၊ တာချီလိတ်နှင့် တောင်ကြီးမြို့များတွင် ကျင်းပရာ တပ်မတော်တာဝန်ရှိသူများက တားဆီးခဲ့တဲ့အတွက်ကြောင့် ရှမ်းပြည်နယ် လင်းခေးမြို့မှာ ကျင်းပမည့် ဆွေးနွေးပွဲကို ရွှေ့ဆိုင်းလိုက်တာလည်း ဖြစ်ပါတယ်။

ဒီလို ရွှေ့ဆိုင်းလိုက်ရတာကို သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေးကို လုပ်ငန်းစဉ် မပြေလည်မှုတချို့ကြောင့် ရက်ရွှေ့ဆိုင်းဖွယ် ရှိတယ်လို့ ငြိမ်းချမ်းရေး ဖော်ဆောင်နေသူများက ပြောဆိုနေကြကြောင်း၊ သူတို့နှင့် ညှိနှိုင်းရဦးမယ်လို့ ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။

ဘယ်လိုပဲဆိုစေ လာခဲ့သည့် ငြိမ်းချမ်းရေးခရီးက အမြန်နှုန်းဖြင့် မသွားသော်လည်း သွားနေသည့်ခရီးစဉ်က ရပ်တန့်မသွားမှသာ ဟိုက ဒီက ပေါ်ပေါက်လာနေတဲ့ အခက်အခဲများကို ဖြေရှင်းသွားနိုင်လိမ့်မည်လို့ ယူဆပါတယ်။

ကျော်လင်း(ရောင်စုံ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013