DVB Logo
Home
မြန်မာသတင်း
မဒေါက်မြို့ ကိုယ်ထူကိုယ်ထ အ.မ.က ကျောင်း(ခွဲ) ဆရာ၊ ဆရာမ လိုအပ်နေ
DVB
·
January 26, 2018
မဒေါက်မြို့ ကိုယ်ထူကိုယ်ထ အ.မ.က ကျောင်း(ခွဲ) ဆရာ၊ ဆရာမ လိုအပ်နေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ မဒေါက်မြို့၊ သောင်ကြီးကျေးရွာအုပ်စု ဥတို(တာတွင်း)ကျေးရွာ အ.မ.က မူလတန်းကျောင်း(ခွဲ) ကိုယ်ထူကိုယ်ထကျောင်းမှာ စာသင်ကျောင်းဆောင် မလုံခြုံမှုနဲ့ ဆရာ၊ ဆရာမ လိုအပ်ချက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မဒေါက်မြို့ ပြည်ကိုယ်တော်ကျေးရွာ အ.မ.က မူလွန်ကျောင်းကို သွားရောက် စာသင်ကြားရာမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေရှိနေလို့ ကလေးတွေ စာသင်ကြားဖို့ ၂၀၁၆ ခုနှစ်ကစပြီး ပြည်ကိုယ်တော် အ.မ.က မူလွန်ကျောင်းရဲ့ လက်ခွဲအဖြစ် ကိုယ်ထူကိုယ်ထ ကျောင်းဆောက်လုပ်ခဲ့ကြတာလို့ သိရပါတယ်။

“ကျနော်တို့ ကလေးတွေ အရင်ကဆို ပြည်ကိုယ်တော်ကျောင်းမှာ သွားတက်ရတယ်။ အရမ်းလည်း ဝေးတယ်။ မိုးရာသီဆို လှေနဲ့သွားရတယ်။ ကလေးတွေအတွက် အရမ်းအန္တရာယ်များတယ်။ လှေပေါ်က ပြုတ်ကျပြီး သေဆုံးသွားတဲ့ ကလေးတွေလည်း ရှိခဲ့တယ်။ အခုချိန်လည်း လမ်းက မကောင်းဘူးလေ။ ဒါကြောင့် ကလေးတွေ အခက်အခဲ မရှိရအောင် ခုလို စုပေါင်းပြီး ကိုယ်ထူကိုယ်ထကျောင်းလေး တည်ဆောက်လိုက်ရတာ ဖြစ်တယ်” လို့ ရပ်မိရပ်ဖ ဦးရွှေလှိုင်က ပြောပါတယ်။

ဥတို(တာတွင်း)ကျောင်းဟာ ၉၀ × ၃၀ ပေ ဓနိမိုး ထရံကာ ဝါးကျောင်းဆောင်ဖြစ်ပြီး နေ့စား လပေး ဆရာမ ၃ ဦးနဲ့ ပညာရေးဌာနက ချပေးတဲ့ဆရာ ၁ ဦးတို့ ကျောင်းသူ ကျောင်းသား ၅၀ ကျော်ကို စာသင်ကြားပြသနေတာ ဖြစ်ပါတယ်။

“ကျမတို့ မိုးရာသီဆို စာသင်ကြားရတာ အရမ်းအခက်အခဲ ရှိတယ်။ လမ်းခရီး သွားလာရေးက အစပေါ့။ ကျောင်းက ဓနိမိုးထရံကာဆိုတော့ မိုးရာသီဆိုရင် မိုးယိုတယ်။ လေတအားဝင်တယ်။ အောက်အခင်းကလည်း မြေကြီးဆိုတော့ အစိုဓာတ်ပြန်လို့ ကလေးတွေ အအေးပတ်ပြီး နေထိုင်မကောင်း ခဏခဏ ဖြစ်ကြတယ်” လို့ ဆရာမမ ယုယုဝင်းက ပြောပါတယ်။

နေ့စား လပေး ဆရာမတွေက အဝေးသင်တက္ကသိုလ် တက်နေတဲ့ ကျောင်းသူလေးတွေ ဖြစ်နေတာကြောင့် ဆရာမတွေ ကျောင်းသွားတက်တဲ့အချိန်မှာ စာသင်ကြားတဲ့နေရာမှာ နှောင့်နှေးမှုတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

“ကျမတို့က အဝေးသင်တက်နေတာဆိုတော့ ကျောင်းသွားတက်တဲ့အချိန်ဆို ဆရာမက မရှိတော့ပြန်ဘူး။ ကျန်ခဲ့တဲ့ ဆရာမကလည်း တယောက်တည်းဆိုတော့ မနိုင်ဘူးလေ။ ကလေးတွေ စာနောက်ကျကုန်တာပေါ့။ ဒါကြောင့် နိုင်ငံတော်အနေနဲ့ ဒီကျောင်းကို ဆရာ အင်အားလေး တိုးပြီးချပေးစေချင်တယ်။”

ဥတို(တာတွင်း)ကျေးရွာဟာ အိမ်ခြေ ၁၅၀ လောက်ရှိပြီး ရေကြီးကွင်းတွေ များတာကြောင့် နွေစပါးနဲ့ ဆောင်းသီးနှံကို အဓိကထား လုပ်ကိုင်နေကြပြီး ဆရာ၊ ဆရာမ လစာကို ကျေးရွာက စုပေါင်းပေးနေရတာကြောင့် ကျောင်းဆောင်ကို ပြန်လည်ပြုပြင်နိုင်ဖို့ အခက်အခဲကြုံနေရသလို ဆရာ၊ ဆရာမ တိုးမြှင့်ချထားပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

သတင်း၊ ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013