DVB Logo
Home
မြန်မာသတင်း
ဒေါ်လာသန်း ၁၀၀ တန် ငါးလေလံဈေးသစ် မြိတ်မြို့၌ ထပ်မံတည်ဆောက်ရန် ကြိုးပမ်းမည်
DVB
·
January 26, 2018
ဒေါ်လာသန်း ၁၀၀ တန် ငါးလေလံဈေးသစ် မြိတ်မြို့၌ ထပ်မံတည်ဆောက်ရန် ကြိုးပမ်းမည်
1 / 2
Donate to DVB

အမေရိကန်ဒေါ်လာ သန်း ၁၀၀ တန် ငါးလေလံဈေးအသစ်တခု တနင်္သာရီတိုင်း မြိတ်မြို့မှာ ထပ်မံတည်ဆောက်ဖို့ ကြိုးပမ်းသွားမယ်လို့ မြိတ်အများပိုင်ကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးလှသန်းက ပြောပါတယ်။

မြိတ်မြို့ကို ဇန်နဝါရီ ၂၅ ရက်နေ့က ရောက်ရှိလာတဲ့ ဒုသမ္မတ ဟင်နရီဗန်ထီးယူကို အသစ်တည်ဆောက်မယ့် ငါးလေလံဈေးနဲ့ပတ်သက်ပြီး မြိတ်အများပိုင် တာဝန်ရှိသူတွေက ခေါ်ယူပြသရှင်းလင်းပြောကြားရာမှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“မြေဧက အကျယ်က ၁၁၃ ဧက ရှိပါတယ်။ မြန်မာ့စီးပွားရေးဦးပိုင်နဲ့ အကျိုးတူ ပူးပေါင်းဖို့ တင်ပြထားတယ်။ ရေလုပ်ငန်းတိုးတက်ဖို့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိလာဖို့ ထိုင်းနိုင်ငံ ရနောင်းငါးဈေးကွက်ကို မှီခိုနေရတာကို လျှော့ချဖို့ ရည်ရွယ်ပါတယ်။ ငါးဖမ်းလှေနဲ့ တခြားလှေတွေ ၂၄ နာရီ ဝင်ထွက်ဆိုက်ကပ်နိုင်အောင် စီစဉ်ထားပါမယ်။ စီမံကိန်း ဧရိယာထဲမှာ အအေးခန်းစက်ရုံတွေ၊ ရေခဲစက်တွေ၊ တည်းခိုခန်းတွေ၊ စားသောက်ကုန် ရောင်းတဲ့ဆိုင်တွေ ထားရှိပေးဖို့ ရှိပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံဖို့ လျာထားပါတယ်” လို့ မြိတ်အများပိုင်ဥက္ကဋ္ဌ ဦးလှသန်းက ပြောပါတယ်။

စီမံကိန်းကို ၆ နှစ် လျာထားပြီး ၂၀၂၃ မှာ အပြီးသတ် ဆောင်ရွက်မယ့်အပြင် နယ်စပ်ကတဆင့် ဘန်ကောက်ကို ကားလမ်းနဲ့လည်း တင်ပို့နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

အခု တည်ဆောက်မယ့် ငါးလေလံဈေးအသစ်မှာ မြိတ်လေတပ်စခန်းဌာနချုပ်ထဲမှာ တည်ရှိပြီး တပ်က သဘောတူညီချက် တစုံတရာ မရရှိသေးဘဲ စီမံကိန်းနဲ့ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ ဆက်လက်လုပ်ဆောင်ရဦးမယ်လို့ ဦးလှသန်းက ဒုသမ္မတကို ရှင်းပြရာမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ငါးလေလံဈေးအတွက် တည်ဆောက်မယ့် ဆိပ်ခံတံတားဟာ ပေ ၃၂၀၀ ရှိပြီး ရာသီမရွေး ဆိုက်ကပ်နိုင်တဲ့ တံတားတခုဖြစ်အောင် လုပ်ဆောင်မယ်လို့ သိရပါတယ်။

ဒုသမ္မတအနေနဲ့ အခု လာရောက်တဲ့ ခရီးစဉ်မှာ ငါးလေလံဈေးအသစ် တည်ဆောက်မယ့်နေရာကို ကြည့်ရှုခဲ့ပါတယ်။

ဒါပေမယ့် ဆယ်စုနှစ်တခုကျော်ကြာ လည်ပတ်နေတဲ့ ငါးလေလံဈေးကိုတော့ သွားရောက်မကြည့်ရှုခဲ့ဘဲ မြိတ်အများပိုင်အုပ်စုရဲ့ လုပ်ငန်းတွေနဲ့ ပြည်ဖြိုးထွန်းကုမ္ပဏီရဲ့ လုပ်ငန်းတွေကိုသာ လာရောက်လေ့လာတာ ဖြစ်ပြီး ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ခြင်းမရှိတဲ့အပေါ် ပြောဆိုဝေဖန်မှုတချို့ ရှိတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013