DVB Logo
Home
မြန်မာသတင်း
ရခိုင်အကြံပေးအဖွဲ့မှ ဘေးလ်ရစ်ချတ်ဆန်နုတ်ထွက်၊ နိုင်ငံတကာဝေဖန်မှု ပိုများလာနိုင်  
DVB
·
January 25, 2018
ရခိုင်အကြံပေးအဖွဲ့မှ ဘေးလ်ရစ်ချတ်ဆန်နုတ်ထွက်၊ နိုင်ငံတကာဝေဖန်မှု ပိုများလာနိုင်  
Donate to DVB

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးအဖွဲ့ကနေ အမေရိကန်ဝါရင့်သံတမန် ၀န်ကြီးဟောင်း ဘေးလ်ရစ်ချတ်ဆန် နုတ်ထွက်သွားတဲ့အတွက် ရခိုင်အရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေများလာနိုင်တယ်လို့  မြန်မာ့အရေး သုံးသပ်သူတွေက ပြောပါတယ်။

ရစ်ချတ်ဆန်နုတ်ထွက်သွားတဲ့အတွက် မြန်မာနိုင်ငံအပေါ်နိုင်ငံတကာအမြင်က ပိုဆိုးရွားလာနိုင်ပြီး အစိုးရအနေနဲ့ ပိုလို့ သတိထားကိုင်တွယ်သင့်တယ်လို့ မြန်မာအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

The Voice ဂျာနယ် ဒုအယ်ဒီတာချုပ် ဦးဇေယျာသူကတော့ အကြံပေးအဖွဲ့မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တွေကို ထည့်သွင်းဖွဲ့စည်းတာဟာ စွန့်စားရတာလည်းများပြီး အလျော်အစားလည်းပါတယ်၊ ဒါကြောင့် ရခိုင်အရေးဟာ နိုင်ငံတကာပြဿနာဖြစ်လာတဲ့အတွက် နိုင်ငံတကာရဲ့ ဖိအားများနေလို့ ဘေးလ်ရစ်ချတ်ဆန် ထွက်သွားတာဖြစ်တယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့ဟာ ရိုဟင်ဂျာကိစ္စ ဖုံးဖိဖို့ကြိုးစားနေတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာ ခေါင်းဆောင်မှုပေးဖို့ ပျက်ကွက်နေတယ်လို့ စွပ်စွဲပြောဆိုပြီး   ဘေးလ်ရစ်ချတ်ဆန်က နုတ်ထွက်သွားခဲ့တာပါ။

ရစ်ချတ်ဆန်အပါအ၀င် ပြည်တွင်းပြည်ပညာရှင်တွေပါဝင်တဲ့ ရခိုင်အကြံပေးအဖွဲ့ဟာ ဇန်န၀ါရီ ၂၂ ရက်က မြန်မာနိုင်ငံကို ပထမဆုံး အကြိမ်လာရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီးနောက် ခုလိုနုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ  ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကိစ္စ ပြောကြားခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒေါသတကြီးနဲ့ တုံ့ပြန်ခဲ့တယ်လို့ မစ္စတာ ရစ်ချတ်ဆန်က အေပီသတင်းဌာနနဲ့မေးမြန်းရာမှာပြောပါတယ်။

ဒါဟာ အကြံပေးအဖွဲ့ဝင်တဦးရဲ့ လုပ်ပိုင်ခွင့်တာဝန်ထဲမှာ မပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့လို့ နှစ်ဘက် အချေအတင်ဖြစ်ခဲ့ကြတယ်။ ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံတကာမီဒီယာတွေ၊ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံခြားအစိုးရတွေကို ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြစ်တင်ခဲ့တယ်လို့လည်း  ရစ်ချတ်ဆန်ကပြောပါတယ်။

သူ့ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်ကရော၊ အကြံပေး အဖွဲ့ခေါင်းဆောင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကီရတ်ကပါ တစုံတရာ တုံ့ပြန်တာမရှိသေးပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ဒါနဲ့ပတ်သက်လို့ အမေရိကန်ဝါရင့်သံတမန်ဟောင်း၊ ၀န်ကြီးဟောင်း ရစ်ချတ်ဆန်အနေနဲ့ အကြံပေးအဖွဲ့အပေါ် ပေးထားတဲ့ လုပ်ပိုင်ခွင့်ကို နားမလည်ကြောင်း မီဒီယာကို ပြောကြားထားပါတယ်။

အကြံပေးအဖွဲ့ဝင်တဦးဖြစ်တဲ့ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း ရိုးလ်အော့ပတ်ထရပ်စ်မေယာကလည်း ရစ်ချတ်ဆန်ရဲ့ ပြောဆိုဝေဖန်ချက်တွေဟာ မျှတမှု မရှိဘူးလို့ တုံ့ပြန်ပြောပါတယ်။

ဒါ့အပြင် အကြံပေးအဖွဲ့ရဲ့ ရခိုင်ခရီးစဉ်ဟာ အပြုသဘောဆောင်တဲ့အကြောင်း အကြံပေးအဖွဲ့အနေနဲ့ ဘာအကြံဉာဏ်တွေမှ မပေးရသေးလို့ မြန်မာအစိုးရရဲ့အသံကို ကိုယ်စားပြုမယ်လို့ ဝေဖန်မှုတွေဟာ လုံးဝမတရားတဲ့အပြင် မမှန်ကန်ဘူးလို့လည်းပြောပါတယ်။

ရခိုင်အကြံပေးအဖွဲ့ရဲ့ ပထမဆုံးရခိုင်ခရီးစဉ်ကိုတော့ မစ္စတာ ရစ်ချတ်ဆန် လိုက်ပါသွားခြင်း မရှိခဲ့ပဲ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ပြီး မြန်မာနိုင်ငံကနေ မနေ့က ချက်ချင်းပြန်လည်ထွက်ခွာသွားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ဆူရာကီရတ်ပါဝင်တဲ့အဖွဲ့ကတော့ မနေ့က ဘင်္ဂါလီလက်ခံရေး စခန်း (၂) ခုဖြစ်တဲ့ တောင်ပြိုလက်ဝဲစခန်းနဲ့ ငါးခူရစခန်းတွေ၊ ဘင်္ဂလားဒေ့ရှ်-မြန်မာ ချစ်ကြည်ရေး တံတား၊ နယ်စပ်ခြံစည်းရိုးတွေအပြင် ပြန်ဝင်လာမယ့် ဘင်္ဂါလီတွေကို ပြန်လည်နေရာချထားမယ့် လှဖိုးခေါင်ကြားစခန်း နေရာတွေကို သွားရောက်လေ့လာခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆာင်ရွက်ရေး ကော်မတီရဲ့ အကြံပေးအဖွဲ့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့တာပါ။

၁၀ ဦးပါ အကြံပေးအဖွဲ့မှာ ထိုင်းဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဒေါက်တာ ဆူရာကီရတ် ဆာသီရာထိုင်း၊ ဆွီဒင်ပါလီမန်အမတ် အာဘန်အာလင်း၊ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ဟောင်းလည်းဖြစ် စွမ်းအင်ဝန်ကြီးဟောင်းနဲ့ နယူးမက္ကစီကို အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူ ဘေးလ်ရစ်ချတ်ဆန်၊ ဗြိတိန်ဘုရင့်ကောင်စီအဖွဲ့ဝင်ဟောင်း  ပါမောက္ခ လော့ဒ်ဒါဇီအော့ဖ်ဒန်ဟမ်၊ တောင်အာဖရိက ကာကွယ်ရေးဝန်ကြီးဟောင်း ရိုးလ်အော့ပတ်ထရပ်စ်မေယာနဲ့ ပြည်တွင်းက ပညာရှင် ၅ ဦးတို့ ပါဝင်ပါတယ်။

ဓာတ်ပုံ-ရိုက်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013