DVB Logo
Home
မြန်မာသတင်း
ကျောက်မျက်ရတနာမူဝါဒ အလုပ်ရုံဆွေးနွေးပွဲ မုံရွာတွင်ကျင်းပ
DVB
·
January 25, 2018
ကျောက်မျက်ရတနာမူဝါဒ အလုပ်ရုံဆွေးနွေးပွဲ မုံရွာတွင်ကျင်းပ
Donate to DVB

 

မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ ကျောက်မျက်မူဝါဒပေါ်ထွက်လာရေးအတွက် ကျောက်မျက်ရတနာအထောက်အကူပြုကော်မတီက ဦးဆောင်ကာ မုံရွာမြို့မှာ ၂ ရက်တာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေပါတယ်။

ကျောက်မျက်ရတနာမူဝါဒ အလုပ်ရုံဆွေးနွေးပွဲကို ကောင်းမွန်တဲ့ သယံဇာတစီမံအုပ်ချုပ်မှု စနစ်ကောင်းတွေဖြစ်ပေါ်လာဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပြီး  စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့တ်မာစီရယ်တို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံဟာ အောင်မြင်ဖြစ်ထွန်းတဲ့နိုင်ငံ ဖြစ်အောင် ကြိုးစားအားထုတ်တဲ့နေရာမှာ မိတ်ဆွေအနေနဲ့ တတ်နိုင်တဲ့ ဘက်ကနေ ကူညီပံ့ပိုးပေးဖို့က ကျနော်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်က နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဝါရှင်တန်ကို ရောက်စဉ်က သမ္မတအိုးဘားမားနဲ့ တွေ့ဆုံစဉ်မှာ မြန်မာပြည်အတွက် အမေရိကန်အနေနဲ့ ကူညီနိုင်မယ့် အချက်တွေကို ပြောဆိုခဲ့ပါတယ်။ အဲဒီထဲကတစ်ခုကတော့ မြန်မာနိုင်ငံရဲ့ ကျောက်မျက်ရတနာကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အကူအညီပေးဖို့နဲ့ အဲဒီပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကနေတဆင့် မြန်မာနိုင်ငံသားတွေအတွက် အကျိုးရှိမယ့် ကဏ္ဍတစ်ရပ်ဖြစ်လာအောင် အကူအညီပေးပါလို့ ပြောခဲ့ပါတယ်။”လို့ အမေရိကန် သံအမတ်က ပြောပါတယ်။

ဒီကျောက်မျက်ကဏ္ဍပြုပြင်ပြောင်းလဲရေးအတွက် သက်ဆိုင်ရာတွေနဲ့ တွေ့ပြီးတော့မှ ဘာတွေ ကူညီနိုင်တာရှိမလဲဆိုတာကို မေးမြန်းခဲ့တယ်၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ ကူညီပံ့ပိုးပေးခဲ့တယ်၊  ကိုယ့်နိုင်ငံအတွက် အကောင်းဆုံးမူဝါဒကို ရွေးချယ်နိုင်ဖို့က မြန်မာနိုင်ငံသားတွေရဲ့ တာဝန်ဖြစ်တယ်လို့လည်း သံအမတ်ကြီးက  ပြောကြားခဲ့ပါတယ်။

မုံရွာမြို့မှာကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲကို အစိုးရ၊ ဌာနဆိုင်ရာတွေ၊ လုပ်ငန်းရှင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ကျောက်မျက်ရတနာထွက်ရှိရာဒေသက ဒေသခံတွေလည်း တက်ရောက်ဆွေးနွေးနေကြတာပါ။

သတ္တုတူးဖော်တာနဲ့ပတ်သက်ပြီး ဒေသခံတွေအတွက် အကျိုးမရှိတာ၊ လက်ရှိတည်ဆဲ ဥပဒေမှာ ကျောက်တစ်လုံးလက်ဝယ်တွေ့ရှိတာနဲ့ အရေးယူနိုင်တဲ့အနေအထားထိ တင်းကြပ်တဲ့ ဥပဒေတွေရှိနေတာ၊ ဒေသခံတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်မှု အားနည်းတာ၊ သတ္တုတွင်းလုပ်ငန်းတွေရဲ့ တာဝန်ခံမှု၊ တာဝန်ယူမှုအားနည်းတာ၊ စာချုပ်ပါစ ည်းကမ်းချက်တွေကို လိုက်နာမှုအားနည်းတာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို မထိန်းသိမ်းနိုင်တာစတဲ့ ကိစ္စရပ်တွေအပြင် တစ်ပိုင်တစ်နိုင်ကျောက်မျက်တူးဖော်ရှာဖွေသူတွေနဲ့ လုပ်ငန်းရှင်၊ အစိုးရကြားပဋိပက္ခဖြစ်တာတွေနဲ့ပတ်သက်ပြီးလည်း ဆွေးနွေးတင်ပြခဲ့ကြပါတယ်။

ဒေသခံတွေကတော့ ဒေသအတွက် ရေရှည်အဆင်ပြေမယ့် မူဝါဒတွေပေါ်ထွက်လာဖို့ကို မျှော်လင့်နေကြပြီး ဒီမူဝါဒကနေတဆင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း လိုလားနေကြပါတယ်။

ကျောက်မျက်ရတနာမူဝါဒ အလုပ်ရုံဆွေးနွေးပွဲတွေကို မြစ်ကြီးနားမြို့၊ မိုးကုတ်မြို့တို့မှာ ပြုလုပ်ခဲ့ပြီး တတိယအကြိမ်အဖြစ် မုံရွာမြို့မှာပြုလုပ်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013