"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ပေးရန် UWSA တောင်းဆို
DVB
·
January 25, 2018
"ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ပေးဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က တောင်းဆိုလိုက်ပါတယ်။
UWSA ဗဟိုကော်မတီ တိုးချဲ့အစည်းအဝေးအပြီး ဇန်န၀ါရီ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) အနေနဲ့ ငြိမ်းချမ်းရေး အလံတော်နဲ့ လက်နက်ကို တဖက်စီ ကိုင်ဆောင်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် "ဝ" ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ နယ်မြေတစိတ်သဒေသဖြစ်ပြီး မည်သည့် အကြောင်းနှင့်မျှ ခွဲထွက်မှာ မဟုတ်ဘဲ ပြင်ပရန် ကျူးကျော်လာရင် ပြတ်ပြတ်သားသား ခြေမှုန်းသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဝ တပ်ဖွဲ့အနေနဲ့ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ လမ်းစဉ်ကို ကျင့်သုံးသွားမယ်၊ ပဋိပက္ခတွေကို နိုင်ငံရေးတွေ့ဆုံမှုနည်းနဲ့ ဖြေရှင်းခြင်းကို ထောက်ခံပြီး စစ်ရေးအရ ဖိအားပေးမှုတွေကို ဆန့်ကျင်တယ်လို့လည်း ကြေညာချက်က ဆိုပါတယ်။
"ဝ" ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ ဗဟိုတိုးချဲ့အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ဒုတိယအပတ်အတွင်း ကျင်းပပြုလုပ်ခဲ့ပြီး ထိပ်ပိုင်းခေါင်းဆောင်နေရာတွေမှာ အပြောင်းအလဲအချို့ရှိခဲ့ပြီး မျိုးဆက်သစ်အချို့ကိုလည်း တာဝန်ကြီးတွေ ပေးအပ်ခဲ့တယ်လို့ လားရှိုးဆက်ဆံရေး ဒုတိယတာဝန်ခံ ဦညီရမ်းက သူ့အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနဲ့ ပန်ဆမ်း စတဲ့ ၆ မြို့နယ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ပေးထားပါတယ်။