DVB Logo
Home
မြန်မာသတင်း
ARSA အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးပဲ လွှဲထားဟု မြန်မာအစိုးရ ပြော
DVB
·
January 25, 2018
ARSA အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးပဲ လွှဲထားဟု မြန်မာအစိုးရ ပြော
Donate to DVB

ARSA အကြမ်းဖက်အဖွဲ့ဝင် ၁၃၀၀ ကျော်ရဲ့ အမည်စာရင်းကို မြန်မာဘက်က ဘင်္ဂလားဒေ့ရှ်ဘက် ပေးပို့ထားပြီး အခုထိ ၂ ယောက်ပဲ လွှဲထားသေးတယ်လို့  ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက်က နေပြည်တော်မှာ လုပ်ခဲ့တဲ့ မောင်တောဒေသက နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်လက်ခံမယ့် အစီအစဉ် သတင်းစာရှင်းလင်းပွဲအတွင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးက ပြောခဲ့တာ ဖြစ်ပါတယ်။

“ကျနော့်ဘက်ကတော့ အကြမ်းဖက်သမားတွေနဲ့ ပတ်သက်ပြီး စာရင်းတွေကို ပေးထားပါတယ်။ အားလုံးလည်း သိအောင် ကြေညာထားပါတယ်။ သူတို့ဘက်ကတော့ အခုချိန်မှာ ကျနော် သိသလောက် ဒါတွေနဲ့ ပတ်သက်ပြီး လွှဲပြောင်းပေးတာ မရှိသေးပါဘူး။ စဖြစ်ဖြစ်ချင်း အောက်တိုဘာ ၉ တုန်းကတော့ နှစ်ယောက် လွှဲပြောင်းပေးခဲ့ဖူးတဲ့ သာဓကတော့ ရှိပါတယ်။ သူတို့ကိုယ်တိုင်ကလည်း မူအားဖြင့်တော့ အကြမ်းဖက်ဝါဒကို အားမပေးဘူး ဆိုတာမျိုးတော့ ပြောထားပါတယ်။ ဒါပေမယ့် ကျနော်တို့ ဒီဟာနဲ့ပတ်သက်ပြီး ပို့လိုက်တဲ့လူတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ဆီက ပြန်ကြားချက် တစုံတရာ မရရှိသေးပါဘူး။”

ARSA အကြမ်းဖက်သမားတွေကို နှစ်နိုင်ငံ ပူးပေါင်းဖမ်းဆီးဖို့ သဘောတူထားပြီး ဖြစ်တယ်လို့လည်း ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောပါတယ်။

"အကြမ်းဖက်သမားကို လက်မခံဘူးဆိုတာ နှစ်နှစ်နိုင်ငံ သဘောတူညီပြီးသားပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူတို့မြေပေါ်မှာ လက်မခံဘူး။ မြန်မာနိုင်ငံအနေနဲ့ကလည်း အကြမ်းဖက်သမားတွေကို လက်မခံဘူး။ အကြမ်းဖက်သမားဆိုတာမျိုးက ချိုပါတာ မဟုတ်ဘူးလေ။ အဲဒီစခန်းတွေထဲမှာ ရှိနိုင်သလို၊ အခြား မမြင်ရတဲ့နေရာတွေမှာလည်း ရှိနိုင်တာပဲ၊ ဒါတွေကို နှစ်နိုင်ငံပေါင်းပြီး ဖမ်းပေးမယ်ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာနချင်းလည်း ညှိနှိုင်းသဘောတူညီပြီးသား ဖြစ်တယ်။ မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြည်ထဲရေးဝန်ကြီးနဲ့ အဖွဲ့ ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလက လာရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့ ပြည်ထဲရေးဝန်ကြီးအဆင့်လည်း လာမယ့်လမှာ သွားရောက်ပြီး နှစ်နိုင်ငံနယ်နိမိတ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်သမားတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ သဘောတူညီပြီးသား ဖြစ်ပါတယ်။”

ARSA အကြမ်းဖက်အုပ်စုမှ အဖွဲ့ဝင် ၂၀၀ လောက်ကို နိုင်ငံပိုင်သတင်းစာတွေမှာ ဓာတ်ပုံနဲ့တကွ အများပြည်သူတွေ သိရှိဖို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

ARSA အကြမ်းဖက်အဖွဲ့ဝင်တွေကို  ၁၉၈၀ ခုနှစ် နယ်နိမိတ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး သဘောတူညီချက်နှင့်အညီ ပြန်လည်လွှဲပြောင်းပေးဖို့လည်း မြန်မာဘက်က တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013