DVB Logo
Home
မြန်မာသတင်း
လိပ်ကျွန်းလူသတ်မှု အယူခံ ထုချေလွှာတင်မည့် ရုံးချိန်းထပ်မံရွှေ့ဆိုင်း
DVB
·
January 25, 2018
လိပ်ကျွန်းလူသတ်မှု အယူခံ ထုချေလွှာတင်မည့် ရုံးချိန်းထပ်မံရွှေ့ဆိုင်း
Donate to DVB

မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ပေးထားတဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရ ရှေ့နေများအဖွဲ့က အယူခံ ထုချေလွှာအား ရက်ချိန်းထပ်တောင်းတဲ့အတွက် ထိုင်းနိုင်ငံ ဗဟိုတရားရုံးက ဖေဖော်ဝါရီ ၂၂ ရက်နေ့ကို ထပ်မံရွှေ့ဆိုင်းပေးလိုက်တယ်လို့ လိပ်ကျွန်းလူသတ်မှုရဲ့ အထူးစုံစမ်းစစ်ဆေးရေးကော်မတီဝင် ဦးအောင်မျိုးသန့်က ပြောပါတယ်။

“အခု သတင်းထွက်နေသလို အပြီးသတ် အမိန့်ချမှာ မဟုတ်ပါဘူး။ အဓိက ထိုင်းအစိုးရ ရှေ့နေက ကျနော်တို့ တင်ထားတဲ့ အယူခံကို ပြန်ပြီး ခုခံချေပ လျှောက်လဲချက် တင်ရမှာပါ။ ဒါကို သူတို့ဘက်က မတင်နိုင်သေးလို့ ထပ်ပြီးရက်ချိန်းတောင်းတော့ နောက်လ ၂၂ ရက်နေ့ကို ပြန်ပြီးချိန်းပေးလိုက်ပါတယ်။ သူတို့ဘက်က အဲဒီလျှောက်လွှာကို တင်ပြမှ ဗဟိုတရားရုံးက အပြီးသတ် အမိန့်ချဖို့ ရက်ကို သတ်မှတ်ပေးမှာပါ”လို့ ပြောပါတယ်။

မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ဝင်း နဲ့ ဇော် တို့ရဲ့ ၃၂၉ မျက်နှာ ပါဝင်တဲ့ အယူခံလွှာကို ထိုင်း အစိုးရရှေ့နေတွေဘက်က ပြန်လည်ခုခံချေပ လျှောက်လဲချက် ဗဟိုတရားရုံးကို တင်ပြဖို့အတွက် ပျက်ကွက်ခဲ့တာ ၅ ကြိမ်မြောက်ရှိပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၅ ရက်မှာ နောက်ဆုံး တင်ပြရမှာ ဖြစ်ပေမယ့် ရက်ချိန်း ထပ်မံတောင်းဆိုခဲ့တာကြောင့် ဗဟိုတရားရုံးက ၁ လလောက် နောက်ဆုတ်ပေးလိုက်တာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ သေဒဏ်ကျခံနေရဲ့ ဝင်းနဲ့ ဇော်ရဲ့ နောက်ဆုံးအဆင့် အယူခံလွှာနဲ့ ပတ်သက်ပြီး မြန်မာဘက်က တင်ပြခဲ့တာ ကြာပြီဖြစ်ပေမယ့် ထိုင်းအစိုးရရှေ့နေဘက်က ပြန်လည်ခုခံလျှောက်လဲချက်ကို တင်ပြဖို့ ပျက်ကွက်နေတာ ဖြစ်ပါတယ်။

လက်ရှိ အကျဉ်းထောင်ထဲမှာ သေဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးမှာ ကျန်းမာရေး ကောင်းမွန်ပြီး မြန်မာသံရုံးကလည်း မကြာခဏ သွားရောက် အားပေးနေတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံသား ဇော်လင်းနဲ့ ဝင်းဇော်တို့ကို  ၂၀၁၄ စက်တင်ဘာ ၁၅ ရက်က ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးမှုနဲ့ တရားမဝင် ဝင်ရောက်အလုပ်လုပ်ကိုင်မှုတွေနဲ့ ထိုင်းရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီအမှုကို ၂၀၁၅ ဒီဇင်ဘာ ၂၄ ရက်က ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့တာဖြစ်ပြီး အယူခံ အဆင့်ဆင့် တင်ခဲ့တာ ၃ နှစ်ကျော်ပြီဖြစ်ပေမယ့် ဗဟိုတရားရုံးရဲ့ အပြီးသတ် အမိန့်ချဖို့ကို ထိုင်းအစိုးရ ရှေ့နေအဖွဲ့က လျှောက်လဲချက် မတင်နိုင်သေးလို့ အမှုကြန့်ကြာနေတာ ဖြစ်ပါတယ်။

သတင်း - စောလှမင်း (တာချီလိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013