ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ
DVB
·
January 24, 2018

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီရဲ့ ဖိတ်ကြားချက်အရ ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော်ကနေ ထွက်ခွာသွားပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဇန်နဝါရီ ၂၅၊ ၂၆ ရက်တွေမှာ ကျင်းပမယ့် အာဆီယံ-အိန္ဒိယဆွေးနွေးဘက်ဆက်ဆံရေး(၂၅)နှစ်မြောက် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးနဲ့ အိန္ဒိယနိုင်ငံရဲ့ (၆၉)နှစ်မြောက် အမျိုးသားနေ့ အခမ်းအနားကို တက်ရောက်ဖို့ နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်က အထူးလေယာဉ်ဖြင့် ထွက်ခွာသွားတာလို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူတွေ လိုက်ပါသွားတယ်လို့သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၆ အောက်တိုဘာလကလည်း အိန္ဒိယနိုင်ငံကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး တောင်အာရှနိုင်ငံများ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ ဘမ်းမ်စတက် ထိပ်သီးစည်းဝေးပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။