DVB Logo
Home
ဆောင်းပါး
နီအောင်မေသု မြင့်မြတ်စွာကျဆုံးခြင်း ၂၄ နှစ်မြောက်
မောင်တူး
·
September 22, 2026
နီအောင်မေသု မြင့်မြတ်စွာကျဆုံးခြင်း ၂၄ နှစ်မြောက်
Donate to DVB

သမိုင်းတင်မည်၊ နီအောင်မေသု

မော်ကွန်းပြုသည်၊ လွမ်းစာစီအံ့

နီနီရဲတောက်၊ မဖောက်သစ္စာ

သေရွာရောက်ရောက်၊ မကြောက်ခဲ့သူ

အာဂလူသား၊ ကွယ်လွန်သွားခဲ့

နှစ်ဆယ့်လေးနှစ်ကြာပါပြီ။ ။

ဦးအောင်မေသု ကျဆုံးခဲ့တာ ၂၄ နှစ်ပြည့်ပြီ။ ၂၀၀၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်က သူဟာ သာယာဝတီထောင်မှာ ကျဆုံးခဲ့ရတယ်။ သူဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ‌ မင်းလှမြို့နယ်  ဥက္ကဋ္ဌ ဖြစ်ခဲ့တယ်။ သူဟာ မှန်ရာကို ချက်နဲ့ လက်နဲ့ အထောက်အထားနဲ့ ပြောရဲသူပါ။ သူ့ရဲ့ ဈာပနကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ခဲ့တာ မှတ်မိနေပါတယ်။ ရန်သူ စစ်အာဏာရှင်က သူ့ကို အကြိမ်ကြိမ် စေ့စပ် အလျှော့ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒါပေမဲ့ သူက သူ့အသက် သူ့ဘဝတွေကို ဂရုမစိုက်ပဲ ယုံကြည်ချက်ကို အသက်ဆုံးတိုင် စွဲကိုင် သစ္စာမဖောက်ခဲ့ပါ။ သူ့အိမ်မှာ စိုက်ထူထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုင်းဘုတ်ကို ဖြုတ်မပေးခဲ့ပါ။ သူ့မိသားစုကိုလည်း ဆိုင်းဘုတ် ဖြုတ်သူတွေနဲ့ သေခန်းပြတ်မယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ ကွယ်လွန်ခြင်း၊ မြင့်မြတ်စွာ ကျဆုံးခြင်း ၂၄ နှစ်မြောက်မှာ နီအောင်မေသုကို ဂုဏ်ပြု အလေးပြုကြပါစို့။ 

သာယာဝတီ နရသိန်ကို အရောက်

(၈) တိုက်ရဲ့ ဝင်းတံခါးပေါက်ကနေ

ရဲရဲတောက် ကြိုဆိုနှုတ်ဆက်မှု

ကျွန်တော် အောင်မေသု

ခု မင်းလှ NLD ဥက္ကဋ္ဌ

အရင်က ကျွန်းထိရောက်

ပြန်လာတဲ့နောက်လည်း

ထောင်ထဲ တဝဲလည်လည် ခဏ ခဏပေါ့

ခုလည်း (၁၀ က)တဲ့

ဘာဆန်းလှမလဲ

ဒီလိုပဲ သေတဲ့အထိ ချရမှာပေါ့တဲ့

ပြုံးစစနဲ့ မထီတရီ ပြောလိုက်သမျှ

အားရနှစ်ခြိုက်ခြင်းများနဲ့

လေးစားကျေနပ်မိဖြစ်ခဲ့”

“မိန်းမဉာဏ် လူတစုလက်ထဲက

ယောက်ျားအသည်းနဲ့ လူတယောက်ရဲ့ သမိုင်း

ဘယ်တော့မှ မရိုင်း ဘယ်တေ့ာမှ မရှုံး…”။ ။         

(ရီနေ)

ကွယ်လွန်ခြင်း ၁၅ နှစ်က နီအောင်မေသုရဲ့သား ရေးသောစာ

ဒီနေ့ဆိုရင် ကျနော့်အဖေ သာယာဝတီထောင်မှာ အကျဉ်းစံဘဝနဲ့ ကျဆုံးခဲ့တာ  ၁၅ နှစ်ပြည့်ပြီ။ အဖေ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို စပြီးမှတ်မိတာက ၈၈ အရေးအခင်းကာလ ဆန္ဒပြတဲ့အချိန်။ အဖေ့ရဲ့လက်ကို ဆွဲပြီးလိုက်ခဲ့တာတွေ၊ သပိတ်စခန်းဖွင့်ထားတဲ့ မြို့လယ်ဓမ္မာရုံရှေ့ကစင်မြင့်မှာ အဖေတရားဟောတဲ့အချိန် မြို့လူထုနဲ့ အတူရပ်ပြီး နားထောင်ခဲ့တာတွေ၊  ၈၈ စက်တင်ဘာ ၁၈ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မ.ဝ.တ.ဥက္ကဋ္ဌ အဖြစ်  ဗိုလ်မှူး တင်ဌေးတက်လာပြီး မင်းလှမြို့တည်ချိန်ကတည်းက တည်ရှိခဲ့တဲ့ အိမ်တွေနောက်က မီးတားကွက်လပ်တွေမှာ အိမ်ရာစီမံကိန်းတွေ လုပ်ဖို့စီစဉ်တယ်။ လမ်းဖောက်ဖို့အတွက် ခြေရင်းအိမ်က ဖျက်ပေးရမယ် ပြောတယ်။ ဖျက်ခိုင်းတဲ့အိမ်က ဒုရဲအုပ်ရဲ့အိမ်။ (နောက်ပိုင်း သာယာဝတီခရိုင် ရဲမှူးအဖြစ်နဲ့ အငြိမ်းစားယူ) အဲ့ဒီစီမံကိန်းကို အဖေကကန့်ကွက်တော့ အဖေနဲ့ ပြဿနာတက်တယ်။ မင်းလှမြို့တွင်း အထကကျောင်းမှာ အစည်းအဝေးလုပ်တော့ ဗိုလ်မှူးတင်ဌေးက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောလို့ အဖေက ထပြောတော့ သေနတ်နဲ့ ထိုးချိန်တဲ့အထိဖြစ်တယ်။ တချို့တွေလဲ ကြောက်လန့်ပြီး ကျောင်းအောက်ကို ဆင်းပြေးကြတယ်။ နောက်ထပ်ပြီး မီးတားကွက်လပ်ကို ကန့်ကွက်တဲ့အတွက် မကျေနပ်တော့ ဒုရဲအုပ်အိမ်ကို မဖျက်ခိုင်းဘဲ ကျနော်တို့ အိမ်ကို ဖျက်ခိုင်းတယ်။ အဖေက လုံးဝ ဖျက်မပေးဘဲ ကျန်တဲ့ဖျက်ပေးရမဲ့ အိမ် ၇ အိမ်ကိုလည်း သူတို့ ဘယ်လိုပဲ ခြိမ်းခြောက်ပါစေ ကျနော် မဖျက်သရွေ့ ခင်ဗျားတို့လည်း မဖျက်နဲ့လို့ ပြောထားတော့ ရဲစခန်းရှေ့ တအိမ်ကလွဲပြီး ကျန်တဲ့အိမ်တွေက လုံးဝမဖျက်ဘူး။ အိမ်ကိုလာပြီး ပေတိုင်းတာတွေ၊ ဘူဒိုဇာနဲ့ ထိုးမယ်ဆိုပြီး ဟန်ရေးပြတာတွေ၊ ခြိမ်းခြောက်တာတွေကတော့ အကြိမ်ကြိမ်ပဲ။ နောက်ဆုံး အာဏာရှင်တွေရဲ့ စီမံကိန်း မအောင်မြင်ဘဲ ဖျက်သိမ်းလိုက်ရတဲ့အတွက် မင်းလှမြို့မှာ မီးတားကွက်လပ်တွေ ဒီနေ့အထိ ရှိနေတယ်။ 

အဲ့ဒီနောက်ပိုင်း ၂၄.၈.၁၉၈၉ ရက်နေ့ မနက်မှာ ထောက်လှမ်းရေးတွေ၊ ရဲတွေအိမ်ကိုရောက်လာတယ်။ တဖွဲ့က အဖေ့ကို NLD ရုံးမှာ သွားခေါ်တယ်။ ပြီးတော့ တအိမ်လုံးကို ဝိုင်းထားပြီး ဘယ်သူ့ကိုမှ အိမ်ထဲပေးမဝင်ဘူး။

အိမ်ကိုလည်း ထမီသေတ္တာတောင်မချန်ဘူး တအိမ်လုံးကို မွှေနှောက်ပြီး ရှာတယ်။ အဲဒီမတိုင်ခင် ရက်ပိုင်းအလိုမှာ ကျနော့်အစ်ကိုနဲ့ ရင်းနှီးတဲ့ စစ်သားတယောက်က ကျနော့်အစ်ကိုလက်ထဲကို ကျည်ဆန် ၃ တောင့်ပေးပြီးသိမ်းထားခိုင်းတယ်။ ကံကောင်းချင်တော့ အစ်ကိုရဲ့ စာကြည့်စားပွဲကို အဖေ ကြည့်ရင်းနဲ့ အံဆွဲထဲက ကျည်ဆန်ကိုတွေ့သွားလို့ ချက်ချင်းယူပြီး အိမ်သာကျင်းထဲ ထည့်လိုက်တာ။ တကယ်တော့ လူယုတ်မာတွေက လက်နက်မှုနဲ့ ဖမ်းချင်လို့ အကွက်ဆင်လိုက်တာပဲ။ ရှာတော့လည်း ကျည်ဆန်တွေ့မလားဆိုပြီး သဲသဲမဲမဲရှာတာ။ အိမ်မှာတွေ့တာက ခွပ်ဒေါင်းအလံတွေနဲ့ အန်တီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအခွေတွေ။ ဒါတွေကိုတွေ့ရှိကြောင်း မရေးဘဲ ဖြန့်ချိတယ်လို့ရေးလို့ အမေက ဝင်ပြောတော့မှ တွေ့ရှိကြောင်း ပြန်ရေးတယ်။ ပြီးတော့ "ခဏလိုက်ခဲ့ပါ၊ မေးစရာလေးရှိလို့" ဆိုပြီး ခေါ်သွားတယ်။

တကယ်တော့ အဲ့ဒီအချိန်ကတည်းက အဖေက အိမ်ကို ပြန်မလာနိုင်တဲ့လမ်းကို အပြီး ထွက်သွားခဲ့ရတာပါ။ ကျနော်အသက် ၆ နှစ်အရွယ်မှာပေါ့။ ခေါ်သွားပြီး နောက်ပိုင်း ၂ လခွဲလောက်အထိ ဘာသတင်းမှ စုံစမ်းလို့မရခဲ့ဘူး။ နောက်မှ အဖေပြန်ပြောပြတာက စဖမ်းတဲ့အချိန် မင်းလှကနေ ပြည်မင်းကြီးတောင်ကို ခေါ်သွားတယ်။ အဲ့ဒီကနေ ညရထားနဲ့ ရန်ကုန် မင်္ဂလာဒုံရေကြည်အိုင် စစ်ကြောရေးကို ပို့တယ်။ ပြီးမှ အင်းစိန်စစ်ခုံရုံးကိုပို့ပြီး အမိန့်ချတာ။ နောက်ပိုင်း စာရေးဆရာ ဆရာမောင်ဝံသရဲ့ ဇနီးက အကြံပေးလို့ အင်းစိန်ထောင်မှာရှိတာကို သိနေတဲ့ပုံစံနဲ့ ထောင်မှူးဆီကို စာတင်တော့မှ ပစ္စည်းပို့ခွင့်ရတယ်။ လူကိုတော့ တွေ့ခွင့်မရဘူး။ တကယ်တော့ ပစ္စည်းပို့ခွင့်ရတဲ့နေ့က အဖေ့ကို အင်းစိန်စစ်ခုံရုံးက အမိန့်ချလိုက်တဲ့နေ့ ဖြစ်နေတယ်။ ၁၉၈၉ နိုဝင်ဘာ ၆ ရက်နေ့ ပထမ အနှစ် ၂၀ ချတယ်။ အဖေက သူတို့ စွပ်စွဲတဲ့ ပုဒ်မတွေကို အထောက်အထားနဲ့ ပြန်ချေပတော့ ဗိုလ်မှူး ၅ ယောက်လုံး လိုက်ကာနောက်ထဲ ဝင်သွားတယ်။ ပြီးတော့ ပြန်ထွက်လာပြီး အထက်အမိန့်အရဆိုပြီး ပုဒ်မ ၅ (ည) နဲ့ ထောင် (၁၀) နှစ် ချလိုက်တယ်။ 

၉၀ ရွေးကောက်ပွဲကာလ ထောင်ထဲမှာ အဖေပြောတဲ့ ဥပမာက  ဒီနေ့အထိ မှန်နေတယ်။ ပဲခူး ရေကြီးတာကို ဥပမာပေးတာ။ NLD မှာ ပါတီဝင်တွေ သန်းချီပြီးရှိတယ်။ ဒါပေမဲ့ စစ်မှန်တဲ့အင်အား မဟုတ်သေးဘူး။ ရေကြီးတဲ့အချိန် မြင့်တဲ့ အိမ်အမိုးပေါ်ကို လူတွေ၊ ကြက်တွေ၊ ခွေးတွေ၊ တိရိစ္ဆာန်တွေ စုပြုံတက်ကြတယ်။ ရေလဲကျရော အားလုံး သူ့နေရာကိုသူ ပြန်သွားကြတယ်။ အခုက ရေကြီးချိန်လေဆိုတဲ့ဥပမာ။ အရမ်းမှန်တယ်။ ၉၀ ရွေးကောက်ပွဲနောက်ပိုင်း အဖမ်းအဆီးကြမ်းလာတဲ့အချိန်မှာ အားလုံးပျောက်ကုန်ကြတယ်။ အမာခံတွေက လက်ချိုးရေလို့ရတယ်။ အရင်က အိမ်မဖျက်ရဖို့ ကျနော့်အဖေ့ဆီကို နေ့စဉ် ချောင်းပေါက်မတတ် လာတဲ့သူတွေ၊ ကျနော့်အဖေကို လေးစားပါတယ်ဆိုတဲ့ တချို့သူတွေ၊ အရမ်း ရင်းနှီးပါတယ် ဆိုတဲ့သူတွေ၊ လမ်းတွေ့ရင်တောင် မခေါ်ကြတော့ဘူး။ မမြင်ချင်ယောင် ဆောင်သွားကြတယ်။ ပါတီထဲက အဖေ့ရဲ့ အမာခံ ရဲဘော်တွေကတော့ အားပေးကြတယ်။ သူတို့ နိုင်တဲ့အပိုင်းက ကူညီကြပါတယ်။ ကျောင်းတက်တော့ ခေါ်မဲ့သူငယ်ချင်း မရှိဘူး။ တခြားကလေးတွေ ဆော့တဲ့အချိန် ကိုယ်နဲ့ ဆော့မဲ့သူမရှိလို့ ထိုင်ကြည့်နေရတာတွေ၊ တချို့ ဆရာမတွေက ချိုချိုသာသာ ဆက်ဆံပေမဲ့ တချို့တွေကတော့ အာဏာရှင်အကြိုက် မောက်မာပြီး ခွဲခြားဆက်ဆံတာ ခံရတယ်။ မှတ်မှတ်ရရ ၂ တန်းနှစ်မှာ နေမကောင်းလို့  တလနီးပါး ကျောင်းပျက်တယ်။ ဒါပေမဲ့ လပတ်စာမေးပွဲတွေ ပထမအစမ်းစာမေးပွဲကအစ အားလုံးအောင်ပြီး အတန်းတင်စာမေးပွဲမှာ ဖြေနိုင်ရဲ့သားနဲ့ စာမေးပွဲချတာ ခံလိုက်ရတယ်။ အမေက အတန်းပိုင်ကိုမေးတော့  စာမကျေမှာစိုးလို့ စာမေးပွဲချတာလို့ပြောတယ်။

ဒီကြားထဲ မဝတဥက္ကဋ္ဌ ဗိုလ်မှူးတင်ဌေးက  လမ်းမှာကျနော့်ကို ကားနဲ့ တိုက်ဖို့လုပ်တာ။ အပြေးမြန်လို့ ကပ်ပြီးလွတ်သွားတယ်။ ကျနော်တို့အတွက် အမှန်တရားဆိုတာ မရှိခဲ့ဘူး။ နိုင်ငံတော်ကို ပုန်ကန်တဲ့သူရဲ့ သားလို့ပြောတာလည်း ခံရတာပဲ။ အဲ့ဒီအချိန်မှာ ကိုယ့်ကို အပေါင်းအသင်းလာဖွဲ့တဲ့သူတွေက ကျောင်းမှာဆိုးပေတေနေတဲ့ ကလေးအများစုပဲ။ မြို့ပေါ်နေတဲ့ ကျောင်းသားထဲက အဖေ့ရဲဘော်တယောက်ရဲ့ သားနဲ့ တူတွေလောက်ပဲ စကားပြောတာရှိတယ်။ အဖေထောင်ကျပြီးတော့ သား၊ သမီး ၃ ယောက်နဲ့ အမေက ဈေးမရောင်းတတ်တော့ ဆိုင်မှာရှိတဲ့ ပစ္စည်းတွေ အရင်းပြုတ်ရော။ နောက်ဆုံး ထမင်းပဲရှိပြီး ဟင်းမရှိလို့ အိမ်ကအပင်က မာလကာသီး အကျစ်တွေကိုခူးပြီး ကိုက်စားရတာတွေ၊ အိမ်က အုန်းပင်က အုန်းသီး အခြောက်တွေကို အုန်းဆီချက် ချက်ပြီးစားရတာတွေ၊ ထမင်းကို ရေဆမ်းပြီး ကြက်သွန်ကိုက်ပြီး စားရတာတွေကိုဘယ်တော့မှ မေ့လို့မရဘူး။

အစ်ကိုဆိုရင်လည်း ကျောင်းကအကြိမ်ကြိမ် အပြစ်ရှာပြီ ထုတ်ပစ်တာ ခံရတာပဲ။ ၈ တန်းမှာပဲ ၅ နှစ်လောက် မတက်ဘဲ နေလိုက်ရတယ်။ နောက်ပိုင်းမှာ စီးပွားရေးအဆင်မပြေပဲ မိသားစုတွေ တကွဲစီဖြစ်ခဲ့တယ်။ ကျနော်ကတော့ ကျောင်းထွက်ပြီး အလုပ်လုပ်ခဲ့တယ်။ ကျောင်းကို စိတ်ပျက်ပြီး တက်ချင်စိတ်မရှိတော့ဘူး။ သောက်ရေအိုးဖိုး တံမြက်စည်းဖိုးဆိုပြီး အမျိုးမျိုး အကြောင်းပြပြီး ပိုက်ဆံတောင်း။ အမေကအဆင်မပြေလို့ မပေးနိုင်တော့ ဆရာမက ရစရာမရှိအောင် ပြောတာခံရ။ အဲ့ဒါကြောင့် ကျောင်းထွက်မိတဲ့အတွက် ဒီနေ့အထိ နောင်တမရဘူး။ ကျောင်းဆင်းချိန် တခြားကျောင်းသားတွေကို မိဘတွေ လာကြိုချိန်မှာ ကျနော့်ကို ကြိုမယ့်သူမရှိဘူး။ အဖေရှိလျက်နဲ့ အဖေမဲ့တဲ့ ဘဝကို ရောက်ခဲ့ရတာ။ သူများမိသားစုတွေကို အားကျရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ဘူး။ ဒီကြားထဲ အစ်ကို့ကို ညဘက် ၈ နာရီလောက် လမ်းမှာတွေ့တာကို အာဏာပိုင်တွေကဖမ်းပြီး  မှောင်ရိပ်ခိုမှုနဲ့ ထောင်တလချလိုက်တယ်။ တမြို့လုံးကို ၃ - ၄ ရက်နေမှ ခဏလောက် မီးကိုမြင်ရတဲ့အချိန်မှာ မှောင်ရိပ်ခိုတယ်ဆိုတော့ ဘယ်လိုပြောရမလဲ။

အာဏာရှင်တွေ ထင်တိုင်းကြဲတဲ့ အချိန်လေ။ အဖေ့ကိုလည်း ထောင်ဝင်စာမှန်မှန် မတွေ့နိုင်ခဲ့ဘူး။ တခါတလေ ၄-၅ လလောက်နေမှ တကြိမ်ပဲ သွားတွေ့နိုင်ခဲ့တယ်။ အဖေကတော့ ဘယ်အချိန်ပဲတွေ့တွေ့ မျက်နှာက အပြုံးမပျက်ဘူး။ အမြဲအားပေးတယ်။ သူ့ရင်ထဲက မိသားစုရဲ့ အပူကို ဘယ်သူ မြင်နိုင်မှာလဲ။ ကျနော် ခြံထဲမှာအပင်တွေ စိုက်ထားတဲ့အကြောင်း အဖေ့ကို ပြောပြတော့ အဖေက ဒါမှငါ့သား၊ အဖေနဲ့ တူတယ်လို့ ပြောတဲ့အချိန် ကျနော်အရမ်းပျော်ခဲ့တာ။ ပြန်လာရင်အတူတူ စိုက်ကြမယ်ဆိုပြီး အဖေက ပြောသေးတယ်။ ဒီလိုနဲ့ အဖေ ၁၀ နှစ်ပြည့်ခဲ့တဲ့ ၁၉၉၉ နိုဝင်ဘာ ၆ ရက်မှာ အဖေ လွတ်မယ်ဆိုပြီး အမေတို့ သာယာဝတီထောင်ကို ကြိုဖို့ သွားတယ်။ အဲဒီနေ့က လွတ်မဲ့ ၆ ယောက်မှာ  ၅ ယောက် လွတ်ပြီး အဖေတယောက်ပဲ ကျန်ခဲ့တယ်။ ဘာကြောင့်ဆိုတာ စုံစမ်းလို့ မရသလို ထောင်ဝင်စာလည်း တွေ့ခွင့်မရဘူး။ တလလောက်ကြာမှ ICRC က ဝင်တော့မှ ထောင်ဝင်စာ တွေ့ခွင့်ရတဲ့အကြောင်း ICRC က သာယာဝတီထောင်ကနေ မင်းလှအိမ်ကို တန်းလာပြီး အဖေ ပေးလိုက်တဲ့ စာကိုလာပေးတယ်။ အဲဒီတော့မှ သိရတယ်။ အဖေ့ကို ပုဒ်မ ၁၀(က) နဲ့ ထပ်စွဲထားတယ်ဆိုတာ။ တွေ့ရင်လည်း သီးသန့်တွေ့ရတယ်။ ပုဒ်မ ၁၀(က) ကို တနှစ် တကြိမ် သက်တမ်းတိုးတာ ကျဆုံးတဲ့အထိပဲ။  အမှန်ကတော့ အာဏာရှင် လူယုတ်မာတွေက မသေ သေအောင် သတ်ပစ်လိုက်တာ။ ကုလို့ရတဲ့ရောဂါကို ကုသခွင့်မပေးဘဲ အချိန်ဆွဲပြီး သတ်ပစ်လိုက်တာ။ အချိန်လွန်မှ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ကို ပို့တယ်။ ဒါပေမဲ့ ခွဲခန်းဝင်တော့ အရမ်းနောက်ကျသွားပြီ။ ခွဲခန်းကို လက်မထောင်ပြီး မိသားစုကို အားပေးပြီး ဝင်သွားတဲ့ အဖေ။ ခွဲခန်းက ပြန်ထွက်လာတော့ လုံးဝ သတိပြန်မရတာ ညနေ ၄ နာရီ ၁၀ မိနစ် ကျဆုံးတဲ့အထိပဲ။ ကျနော် အရမ်းချစ်တဲ့အဖေ ကျနော်နဲ့ စကားပြောခွင့်မရဘဲ ကျနော့်လက်ပေါ်မှာတင် ကျဆုံးသွားတယ်။

ကျနော့်ရဲ့ မျှော်လင့်ချက်တွေအားလုံး ပျက်စီးသွားတယ်။ ကျနော် နေချင်တဲ့ စုံလင်တဲ့ မိသားစုဘဝကို စွန့်လွှတ်လိုက်ရတယ်။ အဲဒီအချိန်ကတည်းက ဆုံးဖြတ်ခဲ့တယ်။ အာဏာရှင်ကို ဆက်ပြီးတော်လှန်ဖို့။ အဖေ့သားပီပီ အဖေ့ရဲ့ မပြီးဆုံးသေးတဲ့ တာဝန်ကို ပခုံးပြောင်းယူဖို့။ အရင်က နိုင်ငံရေးကို စိတ်မဝင်စားဘူး။ အဖေ့ကိုတောင် ဆက်မလုပ်ဖို့နဲ့ အဖေနဲ့ အတူတူ နေချင်တဲ့အကြောင်း ခဏခဏ ပြောတယ်။ အဖေ ကျဆုံးပြီးနောက်ပိုင်းမှာ နိုင်ငံရေးကိုစပြီး လေ့လာတယ်။ ၂၀၀၃ မှာ NLD ပါတီလူငယ်မှာ အတွင်းရေးမှူးတာဝန်ကို စပြီးယူတယ်။ အဖေ့ဆီက အမွေရလိုက်တာကတော့ ဦးအောင်မေသုရဲ့ သားဆိုတဲ့ ဂုဏ်နဲ့ ဆုံးမစကားဖြစ်တဲ့ ဥပဒေနဲ့ မလွတ်ကင်းတာဆိုရင် ဘာမှမလုပ်နဲ့။ အမှန်တရားအတွက်ဆိုရင်တော့ ဘယ်လို အခြေအနေမျိုးမှာမဆို ရဲရဲရပ်တည် ရဲရဲရင်ဆိုင်ဖို့။ ဘယ်အလုပ်ပဲလုပ်လုပ် ရိုးရိုးသားသားလုပ် ဖျာမခင်းနဲ့ဆိုတာနဲ့ ဘယ်အလုပ်မဆို မလုပ်ခင်စဉ်းစား ပြီးမှဆုံးဖြတ်။ ဆုံးဖြတ်ပြီးရင် အောင်မြင်အောင် ဆက်လုပ်။ ဘာအကြောင်းနဲ့မှ နောက်မဆုတ်နဲ့ဆိုတာက ကျနော့်ဘဝရပ်တည်မှုအတွက် လုံလောက်တယ်။ ဒီစကားပြောတဲ့အချိန်က ကျနော် ရန်ကုန်မှာ အလုပ်သွားပြီး လုပ်မဲ့အကြောင်း ပြောတဲ့အချိန် အဖေမှာတဲ့ အထဲက အဓိက အချက်တွေပဲ။ 

အဖေ့ရဲ့ ဈာပနကို လိုက်ပို့တဲ့အချိန်မှာ အန်တီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားပေးစကားတွေ၊ အန်တီဒေါ်အောင်ဆန်းစုကြည်ရဲ့ မင်းလှခရီးစဉ်မှာ ကျနော်တို့ကို မြို့နယ် NLD ရုံးမှာ ခေါ်တွေ့ပြီး ပြောတဲ့မှာကြားချက်တွေကလည်း ကျနော့်အတွက် ဒီလမ်းကို ဆက်လျှောက်ဖို့ လုံလောက်တဲ့ အားအင်တွေပဲ။ ဒါပေမဲ့ အဖေ့ကို ဆုံးရှုံးရတဲ့ ဆုံးရှုံးမှုက ဘာနဲ့မှ အစားထိုးလို့ မရဘူး။ ပြန်စဉ်းစားတိုင်း ငယ်စဉ်ဘဝက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေက အသစ်ဖြစ်လာတယ်။ ငရဲကျခဲ့သလိုပဲ။ ဒီလိုဘဝမျိုးတွေ ဒီလိုဒုက္ခမျိုးတွေကို နိုင်ကျဉ်း မိသားစုတိုင်း ခံခဲ့ရတာပဲ။ နိုင်/ကျဉ်းတွေရဲ့ သား၊ သမီးတွေနဲ့ ဆုံရင် ကိုယ့်မိသားစု အရင်းအချာတွေနဲ့ ဆုံရသလို ဘဝတူတွေဆိုတော့ နွေးထွေးမှုရှိတယ်။ အာဏာရှင် မင်းဆိုးမင်းယုတ်တွေဖြစ်တဲ့ ဗိုလ်နေဝင်းကစပြီး ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့်တို့ အုပ်စုကိုတော့ ဘယ်တော့မှ ခွင့်မလွှတ်နိုင်ဘူး။ ဒါပေမဲ့ အဲ့ဒီ လူယုတ်မာတွေကို ကျနော်တို့နိုင်တယ်။ ကျနော့်အဖေက အသက်နဲ့ရင်းပြီး သူ့ရဲ့ယုံကြည်ချက်ကို စွဲကိုင်သွားတယ်။ အာဏာရှင်ကို ဒူးမထောက်ခဲ့ဘူး။ ပြီးတော့ မပြီးဆုံးသေးတဲ့ တာဝန်ကို ဆက်ထမ်းဖို့ သူ့ရဲ့ မျိုးဆက်ကိုထားခဲ့တယ်။ အဲ့ဒီအတွက် နိုင်တယ်။ အာဏာရှင်ရဲ့ သားသမီးတွေ အများပြည်သူရဲ့ရှေ့မှာ ဘယ်သူ့ရဲ့ သား၊ သမီးပါလို့ ကြေညာပြီး ဂုဏ်ယူရဲတဲ့ သတ္တိမရှိကြဘူး။ ကြေညာခဲ့ရင် ကြိမ်းသေပြောနိုင်တာက ပြည်သူက ဝိုင်းပြီး ဖိနပ်နဲ့ ပေါက်လိမ့်မယ်ဆိုတာ။ ကျနော်တို့အတွက်ကတော့ ကြိုက်တဲ့နေရာကိုသွား။ ဦးအောင်မေသုရဲ့သားဆိုပြီး ရဲရဲဝံ့ဝံ့ ဂုဏ်ယူရဲတယ်။ ဒါက လူတယောက်ရဲ့တန်ဖိုးပဲ။ အဖေ့ရဲ့ သားတယောက်အနေနဲ့ အဖေလျှောက်ခဲ့တဲ့လမ်းကို ဆက်လျှောက်နေတာကို အဖေ သိမြင်ခဲ့မယ်ဆိုရင် ဝမ်းသာ ကျေနပ်နေ လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ။

ရဲဘော်နီ အောင်မေသု…သို့

မြန်မာ့အကျဉ်းထောင်သမိုင်းမှာ

ကိုကိုးကျွန်းတိုက်ပွဲဟာ

လွတ်လပ်မှုအတွက်

ဂုဏ်ရောင်အပြောင်ဆုံး

မော်ကွန်းထိုးရမယ့်

အစာငတ်ခံတိုက်ပွဲဘဲ ဒီပွဲမှာမင်းပါတယ်။

မြန်မာ့သမိုင်းမှာ

၈၈ အရေးတော်ပုံဟာ

လွပ်လပ်မှုအတွက်

မော်ကွန်းတင်တဲ့တိုက်ပွဲဘဲ ဒီပွဲမှာမင်းပါတယ်။

မင်းဖြတ်သန်းသော ခရီးလမ်း

သမိုင်းက ပေးသောတာဝန်

မင်း ထမ်းဆောင်နိုင်ခဲ့ပြီပဲ

မင်း…မင်းတာဝန်ကျေပါတယ်ကွာ။

နီရဲသော အောင်မေသု

ကောင်းရာသုဂတိ လားပါစေ။”

(စံဦး (NLD ကျောက်တံခါး) ရဲ့ နီအောင်မေသု ဈာပနတွင် ရေးဖွဲ့ခဲ့သော ကဗျာ)

နီအောင်မေသု ကွယ်လွန်ခြင်း ၂၄ နှစ်မြောက် ဂုဏ်ပြုခြင်း

ရဲရဲနီ စိတ်ဓာတ်နဲ့ ရန်သူ စစ်အာဏာရှင်ကို ခုခံတွန်းလှန်ရင်း NLD ရဲ့ မင်းလှခံတပ် နီအောင်မေသုဟာ ကျဆုံးခဲ့တယ်။ ၂၄ နှစ် ကြာပြီဖြစ်လည်း ကျနော်တို့ ရင်ထဲမှာတော့ သူ့ကို မေ့မရပါ။ သူ့ရဲ့ သားဖြစ်သူ ရေးသားထားတဲ့ အပေါ်က စာထဲမှာလိုပဲ သူဟာ မိသားစုအရေးကိုလည်း မငဲ့ကွက်ခဲ့ပဲ သူယုံကြည်ရာလမ်းကို လျှောက်ခဲ့သူ ဖြစ်ပါတယ်။ ကုန်ကုန်ပြောရရင် သူ့အသက်ကိုတောင် သူ မငဲ့ကွက်ခဲ့တာပါ။ သူ့ကိုယ်ကျိုးအတွက် သူစိတ်မပူ။ ပြုံးပြုံးသာ အကျဉ်းစံနေခဲ့ပါတယ်။ နောက်ဆုံး ပြုံးပြုံးနဲ့သာ ထွက်သက်ကို အဆုံးသတ်ခဲ့တာပါ။ ဒါပေမဲ့ သူစိတ်ပူတာက ထမင်းနပ်မမှန်တဲ့ သူ့ခြံထဲက လူထုပါတီရဲ့ အမည်နဲ့ စိုက်ထူထားတဲ့ ပြည်သူ့ပါတီ NLD ရဲ့ ဆိုင်းဘုတ်ကလေးကို စစ်အာဏာရှင်တွေက ဖြုတ်ချသွားမှာကိုပါ။ သူလိုလူသား ရှားလှပေါ့။ သူ့ကိုမှ အလေးမပြု ဂုဏ်မပြုရင် ကျနော်တို့ ဘယ်သူ့ကို ဂုဏ်ပြုရတော့မှာလဲ။ သူ့ကို ဂုဏ်ပြုရင်း၊ အလေးပြုရင်း သူ့မှာကြားချက်တွေကို လိုက်နာကြပါစို့။

နီအောင်မေသုရဲ့ အမှာစကား

ဦးအောင်မေသု ကျဆုံးတဲ့ ၂၄ နှစ် နှစ်ပတ်လည်မှာ သူ့ရဲ့ အမှာစကားကို တင်ပြပါမယ်။ ဒီစကားကတော့ “နိုင်ငံရေးလုပ်တယ်ဆိုတာ အာဏာလိုအပ်လို့ လုပ်ရတာပဲ။ တနည်းပြောရင် အာဏာလိုချင်လို့ဗျာ။ အာဏာလိုချင်တယ် ဆိုတာကလည်း ပဒေသရာဇ်တွေ စကားနဲ့ ပြောရရင် ရှင်ဘုရင်လုပ်ချင်တာပဲ။ တခုပဲရှိတယ်။ ရှင်ဘုရင် လုပ်ချင်တဲ့ကောင်ဆိုတာ ညံ့လို့မရဘူး။ ညံ့တဲ့ကောင်းလည်း ဘယ်တော့မှ ရှင်ဘုရင် မဖြစ်ဘူး။’’

အာဇာနည် နီအောင်မေသုရဲ့ ဒီစကားလေးကို စဉ်းစားကြပါ။ ကျနော်တို့ ညံ့လို့ မဖြစ်ဘူးနော်။ အထူးသဖြင့် တော်လှန်ရေး အဆက်ဆက် ကျနော်တို့ ညံ့ခဲ့ကြလို့ ဒီနေ့ ကျနော်တို့ရဲ့ သားသမီး မြေးမြစ် GZ ကလေးတွေ ပေးဆပ်တော်လှန်နေကြရဆဲ ဖြစ်တာပါ။ ဒီနေ့ နွေဦးတော်လှန်ရေးမှာလည်း မင်းတို့ ပြည်သူလူထု အားလုံးညံ့လို့ မဖြစ်ဘူးလို့ တမလွန်ကနေ နီအောင်မေသုက ပြောနေသလိုလိုပါ။ သူ့ရဲ့ ပြောစကားကို ဆင်ခြင်ရင်း သူကျဆုံးခဲ့တဲ့ ၂၄ နှစ်မြောက်မှာ သူ့ကို သတိရ အောက်မေ့ ဂုဏ်ပြုကြရင်း နွေဦးတော်လှန်ရေးကြီးကို ရောက်ရာဒေသ ကျရာနေရာကနေ မညံ့တန်း ဆင်နွှဲသွားကြပါစို့လားခင်ဗျာ။ ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013