DVB Logo
Home
မြန်မာသတင်း
Eco Green City မြို့သစ်စီမံကိန်း အကျိုးအမြတ်ခွဲဝေရန် တွက်ချက်နေ
DVB
·
January 24, 2018
Eco Green City မြို့သစ်စီမံကိန်း အကျိုးအမြတ်ခွဲဝေရန် တွက်ချက်နေ
1 / 5
Donate to DVB

လှည်းကူးမြို့နယ်က Eco Green City Project မြို့သစ်စီမံကိန်းနဲ့ပတ်သက်လို့ အစိုးရနဲ့ ကုမ္ပဏီကြားမှာ အကျိုးအမြတ်ခွဲဝေဖို့ တွက်ချက်နေဆဲ ဖြစ်တယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဒုညွှန်ကြားရေးမှူးဦးဇော်ဇော်အေးက ပြောပါတယ်။

Eco Green City မြို့သစ်စီမံကိန်းနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၂၃ ရက်က လှည်းကူးမြို့နယ်ရှိ မြို့သစ်စီမံကိန်း နေရာပြုလုပ်ခဲ့ပါတယ်။ ဒီရှင်းလင်းပွဲမှာ အစိုးရနဲ့ ကုမ္ပဏီအကြား အကျိုးအမြတ် ခွဲဝေတာနဲ့ပတ်သက်လို့ အသေးစိတ် စာချုပ်ချုပ်ဆိုထားခြင်း ရှိ၊ မရှိအပေါ် ဒီဗွီဘီသတင်းဌာနရဲ့မေးမြန်းမှုကို အိုးအိမ်က အခုလိုပြန်လည် ဖြေကြားခဲ့တာပါ။

ဦးဇော်ဇော်အေးက “လှည်းကူးမြို့နယ်က မြေဧက ၁၆၀၀ ကျော်မှာ Alliances Star ကုမ္ပဏီကနေ စီမံကိန်းတည်ဆောက်မှာဖြစ်ပြီး အစိုးရကနေ မြေပေးတဲ့အပေါ် အကျိုးအမြတ်အနေနဲ့ အရင်က တန်ဖိုးနည်းအိမ်ရာ ယူနစ်ပေါင်း ၄ ထောင်ပေးဖို့ ညှိနှိုင်းထားတာ ရှိတယ်”လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိအချိန်မှာတော့ အပေးအယူအပိုင်းကို ပြန်လည်တွက်ချက်နေရပြီး အစိုးရအနေနဲ့ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းကြား ရရှိဖို့ အပိုင်း ၃ ပိုင်း ပိုင်းပြီး တွက်ချက်နေရဆဲလို့ ဆိုပါတယ်။

အဲဒီစီမံကိန်းကို ၂၀၁၇ ဒီဇင်ဘာလက ပန္နက်တင်အခမ်းအနား ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့တာပါ။

မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က “Eco Green City မြို့သစ်စီမံကိန်း လုပ်ဆောင်မယ့်အပေါ် ပြည်ထောင်စုအဆင့် လွှတ်တော်နဲ့ ရန်ကုန်တိုင်း လွှတ်တော်တို့ကို တင်ပြပြီး ခွင့်ပြုချက် တောင်းယူတာမျိုး မဟုတ်ဘဲ ပြည်ထောင်စုအစိုးရ အဖွဲ့ကနေ ဆောင်ရွက်တာ ဖြစ်တယ်”လို့ ပြောပါတယ်။

ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “အဲဒီစီမံကိန်းနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက် မတောင်းခံဘဲ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစိုးရအနေနဲ့ ကျော်လွန်ရာ ရောက်နေတာကြောင့် ရန်ကုန်တိုင်းလွှတ်တော် ဥပဒေရေးရာ လေ့လာသုံးသပ်ရေးအဖွဲ့ကို တင်ပြထားပြီး လွှတ်တော်အတွင်း မေးခွန်းမေးမြန်းသွားမယ်”လို့ ပြောပါတယ်။

အဲဒီစီမံကိန်းကို အရင်အစိုးရ မပြောင်းခင် ၂၀၁၆ ခုနှစ်အတွင်းမှာ Alliances Star ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့တာပါ။ Eco Green City Project စီမံကိန်းထဲမှာ အဆင့်မြင့် အိမ်ရာတွေ၊ တန်းဖိုးသင့်နဲ့ တန်ဖိုးနည်းအိမ်ရာတွေ၊ အဆင့်မြင့်ဈေးတွေ၊ ရှော့ပင်းမောတွေ၊ ယာဉ်ရပ်နားစခန်းတွေ၊ အစိုးရရုံးတွေနဲ့ စာသင်ကျောင်းတွေ စတဲ့ မြို့သစ်တစ်မြို့ရဲ့ အင်္ဂါရပ်တွေအတိုင်း လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013