DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် မူးယစ်ဆေးဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွား၊ ရဲတပ်ဖွဲ့ဝင်အပါအ၀င် ၇ ဦးဒဏ်ရာရ
DVB
·
January 24, 2018
ဘားအံတွင် မူးယစ်ဆေးဖမ်းဆီးရာမှ ပစ်ခတ်မှုဖြစ်ပွား၊ ရဲတပ်ဖွဲ့ဝင်အပါအ၀င် ၇ ဦးဒဏ်ရာရ
Donate to DVB

 

ကရင်ပြည်နယ် ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာမှာ ဇန်န၀ါရီ ၂၃ ရက် မွန်းတည့်၁၂ နာရီလောက်က မူးယစ်ဆေးဝါးရောင်းချနေသူတွေကို သွားရောက်ဖမ်းဆီးရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး မူးယစ်ဆေးဝါးတွေနဲ့အတူ လက်နက်တွေ ဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ သတင်းအရ သိရပါတယ်။

ဘားအံခရိုင် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ ရဲအုပ်သက်စိုးဦးက “မနေ့ညက တောင်ကလေး လမ်းမပေါ်မှာ တရားခံတစ်ဦးကို မိတယ်။ မူးယစ်လိုက်ဖြန့်တဲ့ တရားခံပေါ့။ အဲဒီတရားခံကနေ ပြီး ကွင်းဆက်သွားဖမ်းတာ။ အထဲကနေပြီးတော့ အရင်ပစ်​တော့ ပစ်ခတ်မှုကတော့ မိနစ် ၂၀ လောက်ဖြစ်သွားတယ်။ ၃ ယောက်က အထဲကနေပြီး အမ် ၁၆ နဲ့ ကျည်ဘောက် ကုန်အောင် ပစ်တယ်။ ပစ်လည်းပြီးရော လုံးထွေး ဖမ်းခဲ့ရတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ BGFနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ဦးနဲ့အတူ မူးယစ် ဆေးဝါးရောင်းချတဲ့ KNU/KNLA(PC) ဗျူဟာ(၂)၊ ရင်း (၇၀၈)မှ တပ်ဖွဲ့ဝင် ၃ ဦး သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့တဲ့အတွက် ဘားအံဆေးရုံကြီးမှာ ဆေးကုမှုခံယူနေရပါတယ်။

ပြင်းထန်ဒဏ်​ရာရရှိခဲ့တဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ဦးစောချစ်ဝင်းကိုတော့ ရန်ကုန်ဆေးရုံကြီးကို ဆက်လက်ပို့​ဆောင်​ပြီး ဆေးဝါးကုသပေးနေရပါတယ်။

မူးယစ်ဆေးဝါးရောင်းချသူ KNU/KNLA(PC)ဗျူဟာ(၂) ၊ ရင်း(၇၀၈) မှ ဗိုလ်ကြီးအဆင့်ရှိ စောလွှီညွှန့်(ခ) နဂါး(ခ) လက်ညိုးအပါအ၀င် တပ်ဖွဲ့ဝင်(၇)ဦး၊ အမျိုးသမီး(၃)ဦးနဲ့အတူ စိတ်ကြွမူးယစ်ဆေးပြား ၆၀၀၀ကျော် ကာလတန်ဖိုး ကျပ်(၁၈၃) သိန်းကျော်၊ မော်တော်ယာဉ် ၁ စီး၊ အမ် ၁၆ (၄)လက်​ ၊ ကျည်အိမ်တို/ရှည် ၂၄ ခု၊ ၅ ဒဿမ ၅၆ ကျည်(၂၉၂) တောင့်၊ ၄၀ မမ ဗုံးပစ်လောင်ချာ(၁)လက်၊ ဗုံးသီး(၂၄)လုံး၊ ဒဿမ၂၂ ပြောင်းရှည်(၁)လက်၊ ကျည်အိမ်(၁)ခု၊ ကျည်(၅) တောင့်၊ ဒဿမ၃၀ ကာဘိုင်ကျည်(၁၂၇)တောင့်၊ ကာဘိုင် ကျည် အိမ်တို/ရှည်(၇)ခုကို ဖမ်းဆီးရမိခဲ့ပါတယ်။

စောလွှီညွှန့် (ခ) နဂါး(ခ)လက်ညိုးကို KNU/KNLA(PC)တပ်ဖွဲ့က ၂၀၁၅ ခုနှစ်တုန်းက မြ၀တီမြို့ ရွှေဆိုင်ဓားပြတိုက်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့အပြီးထုတ်ပယ်ပြီး ဖြစ်သလို သက်ဆိုင်ရာက အလိုရှိနေတဲ့တရားခံ ဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013