DVB Logo
Home
မြန်မာသတင်း
အန်စီအေစာချုပ်ဟာ နိုင်ငံအတွက် မရှိမဖြစ်စာချုပ်ဟု တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း အခိုင်အမာပြော
DVB
·
January 24, 2018
အန်စီအေစာချုပ်ဟာ နိုင်ငံအတွက် မရှိမဖြစ်စာချုပ်ဟု တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း အခိုင်အမာပြော
1 / 4
Donate to DVB

နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ငြိမ်းချမ်းရေးကို မဖြစ်မနေလုပ်ဆောင်ရမှာဖြစ်သလို အန်​စီ​အေ စာချုပ်ဆိုတာ နိုင်ငံအတွက် မရှိမဖြစ် စာချုပ်ဖြစ်တယ်လို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC) ဥက္ကဋ္ဌ အရှေ့တောင်​တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းက ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက် မနက်က ဘားအံမြို့၊ တော်ဝင်ရတနာဟိုတယ်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ရဲ့ ၂ ရက်ကြာ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောပါတယ်။

တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းက “ဒီနေ့အချိန်အခါမှာ ပြန်ကြည့်မယ်ဆိုရင် တချို့ဒေသတွေမှာ ငြိမ်ချမ်းရေး အခက်အခဲရှိနေသေးတာကို တွေ့ရတယ်။ ငြိမ်ချမ်းရေးပေါ်မှာ မူတည်ပြီး ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကလည်း ယှဉ်တွဲပြီးပါလာတာဖြစ်ပြီး၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ငြိမ်ချမ်းရေးဟာ မဖြစ်​မနေ လုပ်ဆောင်ရမယ့်လုပ်ငန်း ဖြစ်တယ်။ အန်​စီ​အေစာချုပ်ဆိုတာ နိုင်ငံအတွက် မရှိမဖြစ်စာချုပ်ဖြစ်ပြီး၊ အလုပ်ရုံဆွေးနွေးပွဲမှာ ရင်းရင်းနှီးနှီး ပွင့်လင်းစွာ တိုင်ပင်ဆွေးနွေးကြပြီး JMC လုပ်ငန်းတွေ အောင်မြင်အောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားကြဖို့ လိုအပ်တယ်”လို့ ပြောပါတယ်။

အလုပ်ရုံဆွေးနွေးပွဲမှာ အန်​စီ​အေ စတင်ဖြစ်ပေါ်လာပုံ၊​ JMCရဲ့ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို အုပ်စုဖွဲ့ ဆွေးနွေးပြီး၊ တိုင်းကြားမှုနဲ့ အငြင်းပွားမှုတွေအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ စိစစ်အတည်​ပြုရမယ့် လုပ်ငန်းစဉ်တွေ၊ ပူးတွဲနယ်လှည့်စောင့်ကြည့်ခြင်း၊ ဒေသခံ အရပ်သားစောင့်ကြည့်သူများရဲ့ လုပ်ငန်းလမ်းညွှန်၊ JMC(ကရင်)ရဲ့ ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ၂ ရက်တာ ဆွေးနွေးခဲ့ကြပါတယ်။

၂၀၁၅ ခုနှစ်မှာ ဗဟိုအဆင့် ​JMCအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပြီး၊ ပြည်နယ်အဆင့်ကို ၂၀၁၆ ခုနှစ် ဇွန်လ ၂၉ ရက်နေ့မှာ ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ် ၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၆ ဦး၊ အရပ်သား ကိုယ်စားလှယ် ၄ ဦးနဲ့ စတင်ဖွဲ့စည်းခဲ့ပါတယ်။

၁၂ ကြိမ်မြောက် ပြည်ထောင်စုအဆင့် ​ပူးတွဲစောင့်ကြည့်အစည်းအဝေးကနေ ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များပြားတဲ့အတွက် ပြည်နယ်အဆင့် JMCကို အဖွဲ့ဝင်ပေါင်း ၂၂ ဦး အထိ တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို ဘားအံမြို့မှာ ပထမဆုံးအကြိမ်​ ပြုလုပ်တာဖြစ်ပြီး ပြည်နယ်အဆင့် ​JMC အစည်းအဝေးကို ၁၀ ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ တာဝန်ရှိသူတ​ဦးက ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013