DVB Logo
Home
မြန်မာသတင်း
အမှုမှန်ပေါ်ပေါက်ရေးဆန္ဒပြ၍ ထောင်ကျခဲ့သည့် ကရင်နီလူငယ်  ၅ ဦး လွတ်မြောက်
DVB
·
January 24, 2018
အမှုမှန်ပေါ်ပေါက်ရေးဆန္ဒပြ၍ ထောင်ကျခဲ့သည့် ကရင်နီလူငယ်  ၅ ဦး လွတ်မြောက်
Donate to DVB

ကေအန်ပီပီ ရဲဘော် သုံးဦးနဲ့ အရပ်သားတစ်ဦးတို့ အသတ်ခံရတဲ့ကိစ္စ အမှုမှန် ပေါ်ပေါက်ရေး ဆန္ဒပြတဲ့အတွက် ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၅ ရက်က ဖမ်းဆီးခံထားရတဲ့ ကရင်နီလူငယ် ငါးဦးဟာ ဒီကနေ့ မနက်ပိုင်းက လွိုင်ကော်ထောင်ကနေ ပြန်လွတ်လာခဲ့ပါတယ်။

ဒီကနေ့ မနက် ၆ နာရီလောက်က ပြန်လွတ်လာခဲ့တဲ့ ကရင်နီ လူငယ် ၅ ဦးမှာ  ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂမှ ခွန်းဒီးဒီ၊ ကရင်နီပြည်လူငယ်များသမဂ္ဂမှ ခွန်းဘိုဘို၊ ကယားပြည်နယ် ကျောင်းသားသမဂ္ဂမှ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ် နဲ့  ရဲမင်းကျော်တို့ ဖြစ်ကြပါတယ်။

သူတို့ဟာ တရားဥပဒေရဲ့ အဆုံးအဖြတ်အတိုင်း ထောင်ဒဏ်ရက် ၂၀ ကျပြီး လွတ်ရက်စေ့လို့ ပြန်လွတ်လာတာဖြစ်တဲ့အတွက် ဘာခံဝန်ချက်မှရှိဘူးလို့  ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ၅ ယောက်ကတော့ ဘာခံဝန်ချက်မှ မရှိဘူးခင်ဗျ။ ရက် ၂၀ ထောင်ဒဏ်ပြည့်လို့ ပေါ့နော်၊ ဥပဒေအတိုင်း ရိုးရိုးဘဲပြန်လွတ်လာတာပါ။ အခုဆို ကျနော်တို့ ဆန္ဒပြတဲ့အဖွဲ့တွေ အားလုံး ပြန်လွတ်လာပြီ။ မနေ့က ကျနော်တို့ ၃ ယောက်ကို သဘောတူညီမှုတွေနဲ့ စွဲချက်တွေအားလုံးလည်း  ပလပ်လိုက်ပြီ။ ဒီအပေါ်မှာ ကျနော်တို့ ၀မ်းသာပါတယ်၊ အစိုးရ ဘက်က လည်း သဘောတူညီမှုတွေ လုပ်ပေးတဲ့အတွက် ၀မ်းသာတယ်။ ဒါပေမယ့် သဘောတူ ညီမှုတွေအတိုင်း ဆက်လုပ်မလုပ်ကို စောင့်ကြည့်ဖို့ရှိနေပါတယ်ခင်ဗျ။ အသတ်ခံရတဲ့လူတွေ ပေါ်မှာ အစိုးရက အမှန်တရားအတိုင်း အကောင်အထည်ဖော်ပေးခြင်းရှိ မရှိကိုလည်း စောင့်ကြည့်သွားမှာပါခင်ဗျ။”

ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာ ဒီဇင်ဘာ ၁၉ ရက်နေ့က တပ်မတော် ရိက္ခာပို့ယာဉ်ကို ကေအန်ပီပီ ရဲဘော်တွေက စစ်ဆေးခဲ့ပြီးနောက် တပ်မတော်က အဆိုပါဂိတ်ကို ဝိုင်းပြီး ရဲဘော် ၃ ယောက်နဲ့ ရွာသား ၁ ယောက်ကို ဖမ်းဆီးကာ သေဆုံးသူတွေရဲ့ အရိုးအိုးကို ပြန်ပေးခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ အစိုးရက အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးဖို့နဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့  ကယားပြည်နယ်တွင်းရှိ အဖွဲ့အစည်းတွေ ဆန္ဒပြ ခဲ့ကြရာမှာ ခုလို ကရင်နီလူငယ်တွေ ဖမ်းဆီးအရေးယူခံခဲ့ရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013